အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့ရှိဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

မြစ်ကြီးနား     စက်တင်ဘာ ၃၀

          နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ခရီးသွားလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ပြည်နယ်ခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ကချင်ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိ သူများ ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ပါသည်။

          တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေနှင့်အညီ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်၍ ခရီးသွားလုပ်ငန်းကော်မတီနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ ထို့အတူ ခရိုင်၊ မြို့နယ်အဆင့်ဒေသဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကိုလည်း ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ ၊ ဒေသခံများပါဝင်ပြီး လက်ရှိအခြေအနေနှင့်ကိုက်ညီအောင် ဖွဲ့စည်းဆောင်ရွက်သွားရန်ရှိပါကြောင်း၊ ကချင်ပြည်နယ်သည် သဘာဝအလှအပများ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝပြီး တိုင်းရင်းသားမျိုးနွယ်စုများဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများစွာ ပိုင်ဆိုင် ထားရှိသဖြင့် အဆိုပါ အရင်းအမြစ်များကို အသုံးချပြီး ခရီးသွားလုပ်ငန်းများတိုးတက်အောင်  ဆောင်ရွက်ကြရမည်  ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေးအတွက်    အစိုးရနှင့်    ပုဂ္ဂလိကတို့ ပူးပေါင်းမှု အား ကောင်းစွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊   လက်ရှိအခြေအနေတွင် ဝန်ကြီးဌာနအနေဖြင့် ပြည်ပခရီးသွားဧည့်သည် ပိုမိုတိုးတက်ဝင်ရောက်လာရေးဆောင်ရွက်သလို ပြည်တွင်းခရီးသွားဧည့်သည်များ ပိုမိုလည်ပတ်နိုင်စေရန်လည်း ကြိုးစားဆောင်ရွက်နေပြီး လုပ်ငန်းရှင်များက လည်း ပြည်တွင်းခရီးသွားဈေးကွက် ရရှိရေးကိုပါ မြှင့်တင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားဧည့်သည်များတိုးတက်ဝင်ရောက်လာပါက ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး အဆင်သင့်ဖြစ်နေစေရေးအတွက် ပြင်ဆင်ကြိုးစား ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းမှာ ဒေသခံအလွှာစုံကို ဝင်ငွေရစေပြီး ဒေသခံများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေသည့်အတွက် ကချင်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။

          ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများ၊ ခရီးလှည့်လည်ရေးလုပ်ငန်းများ နှစ်စဉ် တိုးတက်လျက်ရှိပါကြောင်း၊ ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်းများအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေ ၊ နည်းဥပဒေ ၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး တည်းခိုသော ဧည့်သည်များ လုံခြုံရေးအတွက် လိုအပ်သည်များကို ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားပါသည်။

          ထို့နောက် တက်ရောက်လာသူ လုပ်ငန်းရှင်များ၏ ဆောင်ရွက်ပေးစေလို တင်ပြချက်များအပေါ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်က ပြန်လည်ရှင်းလင်းဆွေးနွေး၍ ပြည်‌‌ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးပြီးနောက် ပြည်‌ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။