မြစ်ကြီးနား စက်တင်ဘာ ၃၀
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်မြို့နယ်/မြို့ရုံး ဝန်ထမ်းများနှင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်း မြင့်မားတိုးတက်ရေးအတွက် တွေ့ဆုံအားပေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင်က ပြည်နယ်အတွင်း အားကစားနည်းမျိုးစုံ ဖွံ့ဖြိုးတက်ရေးကို အခြေခံအဆင့်မှစတင်၍ စနစ်တကျလေ့ကျင့်သင်ကြားပေး၍ မျိုးဆက်သစ်ထူးချွန်ထက်မြတ်သော ကစားသမားများ မွေးထုတ်ရန်၊ လူငယ်အားကစားသမားများ၏ အဆင့်မြှင့်စွမ်းရည်မြှင်တင်ရေးနှင့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသော လေ့ကျင့်ရေးစနစ်များ စီစဉ်ချမှတ်ဆောင်ရွက်နိုင်ရန်၊ ဒေသဆိုင်ရာ တိုင်းရင်းသားရိုးရာ အားကစားများကို ထိန်းသိမ်းမြှင့်တင်ခြင်းနှင့်အတူ ခေတ်မီအားကစားပြိုင်ပွဲများ ပိုမိုကျင်းပရန်လိုအပ်ကြောင်းနှင့် ပြည်နယ်၏ သဘာဝအလှတရားများ၊ ယဉ်ကျေးမှုအစီအစဉ်များ စီစဉ်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်ကြောင်း၊ ဌာနဝန်ထမ်းများအနေဖြင့် ပြည်နယ်သူ/ ပြည်နယ်သားများနှင့် နီးကပ်စွာ ထိတွေ့မှုများဆောင်ရွက်နိုင်ရန်နှင့် ပြည်နယ်အတွင်း အားကစား ယည်ကျေးမှုပျံ့နှံ့ တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ လူငယ်များအား အားကစားဖြင့် ကိုယ်ကာယ ကျန်းမာ ရေး၊ စိတ်ဓာတ်ရေးရာ ကြံ့ခိုင်မှုတို့ကို မြှင့်တင်ပေးခြင်းနှင့် မူးယစ်ဆေးဝါး၊ အယူလွဲမှားမှုများမှ ကင်းဝေးကင်းစင်စေရန်၊ အားကစားကို လေ့ကျင့်လိုက်နာအသုံးချဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အလေးအနက် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများထောက်ပံ့ခြင်း၊ စားသောက်ကုန်များထောက်ပံ့ခြင်းနှင့် တိုက်ပွဲရှောင်ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။




