မြစ်ကြီးနား အောက်တိုဘာလ ၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်ရှိ အားကစားအဆောက်အဦများ၏ အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိုက်ပွဲရှောင်ပြည်သူများအား အကူအညီများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ပထမဦးစွာ ကချင်ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း မြက်ခင်းအသစ် စိုက်ပျိုးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ငြိမ်းချမ်းသာယာ ရေကူးကန်၊ ငြိမ်းချမ်းသာယာ ဖူဆယ်ရုံ၊ ကြက်တောင်အားကစားခန်းမ၊ ဘော်လီဘောရုံနှင့် မြစ်ကြီးနားခရိုင်အားကစားကွင်းတို့ကို လှည့် လည်ကြည့်ရှုကာ လိုအပ်ချက်များကို ညွှန်ကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အသက်(၂၅)နှစ်အောက်(အမျိုးသမီး)ဘောလုံးအသင်း၏ လေ့ကျင့်နေမှုကို ကြည့်ရှုကာ အားကစားသမားများအား အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နောင်ရာရပ်ကွက်တွင် ခိုလှုံနေထိုင်သည့် တိုက်ပွဲရှောင် အိမ်ထောင်စုများအား စားသောက်ကုန်နှင့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။
ထို့အပြင် အံတော်ရှင်ဘုန်းတော်ကြီးကျောင်း၌လည်း ခိုလှုံနေရသည့် တိုက်ပွဲရှောင်မိသားစုများအတွက် လိုအပ်သော အားကစားပစ္စည်းများနှင့် စာရေးကိရိယာများအား ထပ်မံချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအစိုးရအနေနဲ့ ပြည်သူ တွေရဲ့ဘဝ ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာကြံ့ခိုင်သန်စွမ်းရေးကို အထူးအလေးထားဆောင်ရွက်နေပါတယ်။ အားကစားဟာ ကျန်းမာရေးအတွက်သာမက စိတ်ဓာတ်ကြံ့ခိုင်မှုအတွက်လည်း အရေးပါပါတယ်။ အခုလိုစိန်ခေါ်မှုကန့်သတ်ချက်ရှိချိန်မှာ စိတ်ဓာတ်ကြံ့ခိုင်စွာနှင့် အမျိုးသားရေးတာဝန်တွေကို မမေ့ မလျော့စေဘဲ မိမိတို့ရဲ့ကလေး လူငယ်တွေကိုလည်း ကျန်းမာသန်စွမ်းအောင်နဲ့ မူးယစ်ဆေးဝါးအပါအဝင် လမ်းမှားမရောက်စေရေးအတွက် အထူးသတိပြု ဆင်ခြင်လှုပ်ရှားနေထိုင်သွားကြရန် အားပေးစကား ပြောကြားခဲ့ပါသည်။
ထို့အပြင် ဝန်ကြီးကအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းလူငယ်များနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားအဆောက်အအုံများ ခေတ်မီပြည့်စုံစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိစစ်ဆေးခဲ့သည့် အားကစားကွင်းများကိုလည်း ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်၊ အများပြည်သူလာရောက်ကစားရာတွင် အားကစားကွင်း/ရုံများ သန့်ရှင်းသာယာသပ်ရပ်မှုရှိစေရန်၊ အားကစားကွင်း/ရုံများ ပြည့်စုံလုံလောက် စေရေးအတွက် ဘဏ္ဍာနှစ်အလိုက်ဘတ်ဂျက်တွင် ထည့်သွင်းလျာထားဆောင်ရွက်သွားရန်နှင့် နိုင်ငံတော် ၏ အားကစားအဆင့်အတန်း မြင့်မားတိုးတက်လာစေရေးအတွက် ထူးချွန်ထက်မြတ်အရည်အချင်းရှိ မျိုး ဆက်သစ် လူငယ်အားကစားသမားများအားရှာဖွေ ဖော်ထုတ်လေ့ကျင့်ပျိုးထောင်ပေးရေး လုပ်ငန်းစဉ် များကို အလေးအနက်ထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။










