မြစ်ကြီးနား ဧပြီ ၆
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအနေဖြင့် ပြည်သူလူထုတွေ့ဆုံရှင်းလင်းပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၆ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ တပ်ကုန်း(အင်ဂျန်ဒုံ)ရပ်ကွက် ဧဝံဂေလိဓမ္မကောလိပ်ရှိ ဂျူဗလီခန်း၌ (၁၃)ကြိမ်မြောက်အဖြစ် ဒေသခံပြည်သူများနှင့် တွေ့ဆုံရှင်းလင်းခဲ့ကြသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ခရစ်ယာန်အသင်းတော်အသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ၊ တက်ရောက်ခဲ့ကြပြီး ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာအောင်ဝင်း၊ ဦးထွန်းထွန်းလှိုင်၊ ဦးမုန်ရိန်လ၊ ဦးနော်ထွဲနှင့် ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်တို့က ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စီမံကိန်းနှင့်စပ်လျဉ်း၍ နည်းပညာဆိုင်ရာပညာရှင်များ၏ လေ့လာတွေ့ရှိမှုများ၊ ဘူမီဗေဒဆိုင်ရာ တွေ့ရှိချက်များ၊ ကမ္ဘာ့ရေကာတာကြီးများအကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိမှုနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများအကြားနှိုင်းယှဉ်ခြင်းစသည့်ခေါင်းစဉ်များဖြင့် ရှင်းလင်းဟောပြောကြားဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက မြစ်ဆုံစီမံကိန်းဆိုင်ရာ သိလိုသည်များနှင့် ၎င်းတို့၏အမြင်များ၊ စိုးရိမ်ပူပန်မှုများအပေါ် သိလိုသည်များ မေးမြန်းတင်ပြမှုများအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
