ကချင်ပြည်နယ်ဝန်ကြီးချုပ်က မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများပျက်စီးခဲ့သဖြင့် ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား အောင်မြင်စွာဖြင့် ပြန်လည်ကျင်းပနိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးမှူးများနှင့်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ ၂၄

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီး လောင်ပျက်စီးသွားသဖြင့် ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ပြန်လည်ကျင်းပပြုလုပ်စစ်ဆေးနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများအားလုံး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၃ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စားမေးပွဲကို မြို့နယ် (၁၂) မြို့နယ်၌ စာစစ်ဌာန (၂၂)ခုတွင် ဖြေဆိုသူဦးရေ (၈၆၉၈)ဦးဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး စာမေးပွဲအဖြေလွှာများကို စာစစ်လုပ်ငန်း ဆောင်ရွက်နေစဉ် မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးခဲ့သဖြင့် ပြန်လည်ကျင်းပစစ်ဆေးနိုင်ရေး နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ဒါ့ကြောင့် မိမိတို့ပြည်နယ်အတွင်း ဖြေဆိုခဲ့သူ (၈၆၉၈)ဦးလုံး ပြန်လည်ဖြေဆိုနိုင်ရေး၊ ကျောင်းသား/ကျောင်းသူများအတွက် Revision ပြန်လည် ဆွေးနွေးပို့ချနိုင်ရေးနှင့် အဖြေလွှာ၊ မေးခွန်းများ စာစစ်ဌာနများသို့ လုံခြုံစွာအချိန်မီရောက်ရှိရေးနှင့် အခွင့်အရေးတစ်ရပ်အနေဖြင့် အေးချမ်းစွာဖြင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့မှုအပေါ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပသွားရမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြပြီး မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက စာမေးပွဲပြန်လည်ကျင်းပပြုလုပ်နိုင်ရေး ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက် ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးများနှင့် Revision ပြန်လည်ဆွေးနွေးပို့ချပေးသွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်က စာမေးပွဲအား ယခင်စာမေးပွဲအတိုင်း စာစစ်ဌာနများဖွင့်လှစ်၍ ပြန်လည်ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာ ခရိုင်/ မြို့နယ်များအလိုက် စာစစ်ဌာနများဖွင့်လှစ်၍ ဘာသာရပ်အလိုက် ဖြေဆိုဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သိလိုသည်များနှင့် လိုအပ်သည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပရာတွင် ကျောင်းသား/ ကျောင်းသူများအားလုံး ပြန်လည်ပါဝင်ဖြေဆို၍ အောင်မြင်အေးချမ်းစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးမှူးများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ် (၁၂) မြို့နယ်တွင် စာစစ်ဌာန (၂၂)ခု ဖွင့်လှစ်၍ (၁၇-၃-၂၀၂၅)ရက်နေ့မှ (၂၂-၃-၂၀၂၅)ရက်နေ့အထိ ကျောင်းသား/ ကျောင်း သူ (၈၆၉၈)ဦးဖြင့် အေးချမ်းစွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး အဖြေလွှာများကို (၂၆-၃-၂၀၂၅)ရက်နေ့တွင် မန္တလေးတက္ကသိုလ်သို့ အပ်နှံခဲ့ရာ မတ်လ ၂၈ ရက်နေ့ စာစစ်လုပ်ငန်းဆောင်ရွက်နေစဉ် အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတက္ကသိုလ်ရှိ ပင်မဆောင် မီးလောင်၍ အဖြေလွှာများ ပျက်စီးခဲ့သဖြင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည် တော်ကောင်စီနယ်မြေများတွင် (၁၆-၆-၂၀၂၅)ရက်နေ့မှ (၂၁-၆-၂၀၂၅) ရက်နေ့အထိ ပြန်လည်ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။