ပူတာအို အောက်တိုဘာ ၃
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေး၊ လယ်သီးထပ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းက ပူတာအိုမြို့နယ်အတွင်းရှိ ဇီးအွန်ကျေးရွာနှင့်ပမ္မတီးကျေးရွာအုပ်စုအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ၊ စည်ပင်သာယာရေးဝန်ကြီးဒေါက်တာသန်းဌေးအောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဇီးအွန်ကျေးရွာသို့သွားရောက်ပြီး ကျေးရွာအုပ်စုအတွင်း မူလာချောင်းဘေး၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ဇီးအွန်ကျေးရွာတောင်သူများသည် ကျေးရွာပိုင် ခူဖာကွင်း ဧက ၄၀၀ ကျော်တွင် လယ်သီးထပ်ဆီထွက်သီးနှံ ဆီမုန်ညှင်းအောင်မြင်အောင် စိုက်ပျိုးနိုင်ခဲ့ကြသည့်အတွက် ကုန်ထုတ်လမ်းပေါ်ရှိ မူလာချောင်းကူး ကြိုးတံတား ပေ ၃၂၀ အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် တည်ဆောက်ပေးသွားမည့်အစီအစဉ်များ၊ မိုးစပါးရိတ်သိမ်းအပြီး ဆီမုန်ညှင်း အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့နှင့်ရွက်ဖျန်းအားတိုးဆေးများ အခမဲ့ဖြန့်ဖြူးပေးနိုင်ရေး၊ ယခုနှစ်အတွက် တောင်သူများက ဆီမုန်ညှင်း ဧက ၉၀ ကျော် တိုးချဲ့ စိုက်ပျိုးမည့်အစီအစဉ်နှင့် မြေပဲ၊ မြေထောက်ပဲနှင့် ပြောင်းသီးနှံများပါ စိုက်ပျိုးနိုင်ရေးအတွက် သွင်းအားစုများ၊ မျိုးစေ့များနှင့် ကုန်ထုတ်လမ်းများ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က တိုးချဲ့စိုက်ပျိုးဧရိယာအတွက် ခြံစည်းရိုးကာရံနိုင်ရေး ငွေကျပ်သိန်း ၁၀၀ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး တစ်သီးမှနှစ်သီးစံပြအဖြစ်တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးစားကြရေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သော နောင်ခိုင်-ဇီးအွန်-မူလာရှီးဒီလမ်း ၁၂ မိုင်ကျော်အနက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောင်ပြီးစီးခဲ့သော ၄ မိုင် ကျောက်ချောလမ်းဆောင်ရွက်ပြီးစီးမှုကို မူလာရှီးဒီ ကျေးရွာအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာအတွင်း ခရစ်တော်၏ အသင်းတော်ဘုရားကျောင်းဝင်းအတွင်း မိသားစုတစ်ပိုင်တစ်နိုင်ဟင်းသီးဟင်းရွက်စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပမ္မတီးကျေးရွာအုပ်စု ပမ္မတီးကျေးရွာသို့ သွားရောက်ပြီး ကျေးရွာဘုရားကျောင်း၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ဆောင်းသီးထပ် ဆီထွက်သီးနှံ ဆီမုန်ညှင်းစိုက်ပျိုးရန် ယခင်နှစ် ၁၁၅ ဧက၊ ယခုနှစ် (၄၄၈)ဧက စုစုပေါင်း (၅၆၃)ဧကအတွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ကြသည်။
ဦးစွာ ဒေသခံလီဆူတိုင်းရင်းသားများ၏ ရိုးရာအကအလှများဖြင့် ကြိုဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်စားသုံးဆီဖူလုံရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သော ဆီမုန်ညှင်းမျိုးစေ့ (၅၀၀)တင်းကို ပူတာအိုမြို့ နယ်အတွက် တင်း(၃၇၀)၊ မချမ်းဘောမြို့နယ်အတွက် တင်း(၈၀)၊ နောင်မွန်မြို့နယ်အတွက် တင်း (၅၀)အား စိုက်ပျိုးချိန်အမီ အခမဲ့ဖြန့်ဖြူးပေးထားပါကြောင်း၊ ယခုနှစ်အတွက် ဆီမုန်ညှင်း စိုက်ဧက ၇၅၀၀ ကျော် စိုက်ပျိုးရန်လျာထားပြီး လျာထားဧက ပြည့်မီစေရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပမ္မတီးကျေးရွာအုပ်စုအတွင်း ဆောင်းသီးနှံ ဆီမုန်ညှင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၁၉ ရွာ ကွင်းပေါင်း ၁၉ ကွင်း ဧကပေါင်း ၂၄၀၈ ဧကစိုက်ပျိုးနိုင်ခဲ့မှုနှင့် ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ကျေးရွာအုပ်စု၂၀ ၊ ကွင်းပေါင်း ၂၇ ကွင်းတွင် ဆီမုန်ညှင်းစိုက်ပျိုးရန် ဧကပေါင်း ၃၉၀၈ ဧက လျာထားမှု အခြေအနေများနှင့် ဆီမုန်ညှင်း စိုက်ပျိုးမည့် တောင်သူမျး၏ လိုအပ်ချက် တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့် သွင်းအားစုနှင့် ခြံဝင်းကာရံပေးနိုင်မည့် အစီအစဉ်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး တောင်သူများအတွက် ဆီမုန်ညှင်းမျိုးစေ့တင်း(၇၀)နှင့် စိုက်ပျိုးမည့် ကျေးရွာကွင်း (၁၄)ကွင်း ခြံဝန်းကာရံနိုင်ရေး ငွေကျပ် ၁၇၅ သိန်းကို လည်းကောင်း၊ ကျေးရွာ ဘုရားကျောင်းတည်ဆောက်ပြီးစီးရေးအတွက် အလှူငွေကျပ်သန်း ၅၀ ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများကလည်း ဘုရားကျောင်းတည်ဆောက်ပြီးစီးရေးအတွက် အလှူငွေများကို ထည့်ဝင်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများ ကို ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အဆိုပါကျေးရွာနှင့် ဝါခွန်ဒါန်းကျေးရွာချင်းဆက်လမ်း ပေ ၁၀၀၀ အား ကျောက်ချောလမ်းခင်းပေးနိုင်ရေး ကျေးရွာတာဝန်ရှိသူများနှင့် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆာခွန်ဒမ်းကျေးရွာအတွင်း နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပေးမှုဖြင့် အသားတိုးဝက် မွေးမြူရေးလုပ်ငန်းများ တိုးတက် အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်ဒေါ်အားနာ၏ ခြံသို့ သွားရောက်ပြီး ခြံဝင်းအတွင်း မူလဝက်ကောင်ရေ ၄၀ မှ အကောင်ငယ်များပါ တိုးပွားအောင် မွေးမြူဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဝက်ဈေးကွက်ရရှိမှုနှင့် ဝက်သားပေါက်ရရှိရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးအထောက် အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။









