ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ နမ္မတီးမြို့ရှိ နေရပ်စွန့်ခွာအိမ်ထောင်စုများအား ဆန်၊ ဆီနှင့်အခြေခံစားသောက်ကုန်များပေးအပ်ပြီး ယာယီနေအိမ်များ ဆောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား   မေ ၃

         ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူ ဝင်/ထွက် သွားလာရာနေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် (၇)နာရီ က မြစ်ကြီးနားမြို့၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး ဘေး၊ မေခပန်းဥယျာဉ်ရှေ့ရှိ ရေကြည်ချောင်းတစ်လျှောက် ဘေးဝဲ/ယာမြေကွက်လပ်များတွင် သန့် ရှင်းသပ်ရပ်ပြီး မြေယာရှုခင်းပြုပြင်၍ အလှပန်းပင်များ စိုက်ပျိုး၍ အများပြည်သူအပန်းဖြေနိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများစုပေါင်း၍ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ စက်ယန္တရာများဖြင့် မြေယာပြုပြင်ခြင်း၊ ချောင်းရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အလားတူအမှတ် (၁)တပ်မတော်ဆေးရုံ(ကုတင်-၃၀၀)ဝင်းအတွင်း လူနာဆောင်ပတ်ဝန်းကျင်များရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ခြင်းနှင့် ရေမြောင်းများ ပြန်လည်တူး‌ဖော်ခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများအား လိုက်လံကြည့်ရှုအားပေးကာ နံနက်စာအဖြစ် မုန့်နှင့် ရေသန့်ဘူးများကို ပေးအပ်ခဲ့ ကြသည်။

          ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်သည် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့သို့ ရောက်ရှိပြီး မြို့တော်ခန်းမ၌ ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာလာခဲ့ကြသော အိမ်ထောင်စုများအား တွေ့ဆုံထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

          ယင်းသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အိမ်ထောင်စုများ မိုးမကျမီ အမိုးအကာဖြင့် နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေး အတတ်နိုင်ဆုံးလာရောက်ထောက်ပံ့ခြင်းဖြစ်ကြောင်း အားပေးစကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အိမ်ထောင်စု (၄၉၁)စုတို့အတွက် ဆန်(၂၄)ပြည်ပါအိတ် (၄၉၁)အိတ်၊ ဆီ (၄၉၁)ပိဿာ၊ ခေါက်ဆွဲခြောက်ဖာ ၁၀၀ နှင့် ကြက်အူချောင်းဖာ (၃၀)တို့ကိုလည်းကောင်း၊ လမ်းခွကျေးရွာအုပ်စု ဘင်ခရာအဖွဲ့အတွက် ဝတ်စုံစရိတ်နှင့် ကချင်ရိုးရာဧည့်ကြိုအဖွဲ့အတွက် ငွေကျပ်(၁၀)သိန်းကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ အိမ်ထောင်စုဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ နမ္မတီးမြို့မိမြို့ဖများ၊ ခရစ်ယာန်အသင်းတော်များမှ ဘာသာရေးခေါင်းဆောင်များ၊ မြို့လှရပ်ကွက်အတွင်းရှိ နမ္မတီးသကြားစက်ပိုင်ဝင်းအတွင်း မြေဧရိယာ (၃)ဧက အပါအဝင် ကျန်မြေဧရိယာများတွင် အိမ်ထောင်စုများအား ယာယီနေအိမ်အဆောက်အအုံများ ဆောက်လုပ်နေရာချပေး နိုင်ရေး မြေပြင်အခြေအနေနှင့် ဆောက်လုပ်သွားမည့် အစီအမံများကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ မြို့သာယာရပ်ကွက်အတွင်းရှိ လမ်းမကြီးဘေးနှင့် သကြားစက်ဝင်းအတွင်း  မိုးရာသီတွင် ရေဝပ်ဧရိယာဖြစ်လေ့ရှိမှုအပေါ် ရေမြောင်းများ စနစ်တကျဖောက်လုပ်ပေးနိုင်ရေးအတွက် ဌာနဆိုင် ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် နမ္မတီးမြို့ အုပ်စု(၃) မြို့မ (ဝါအောင်ရပ်ကွက်) အတွင်းရှိ ဝါအောင်နှစ်ခြင်းခရစ် ယာန်အသင်းတော်ဘုရားကျောင်း၌ ဘာသာရေးခေါင်းဆောင်များ၊ ဒေသခံပြည်သူများ၊ ယာယီခိုလှုံ နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးမကျမီ ယာယီနေအိမ်များ ဆောက်လုပ်နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် အားပေးစကားပြော ကြားသည်။

ဆက်လက်၍ အသင်းတော်တာဝန်ရှိသူများ၏ ကချင်ရိုးရာပလိုင်းဖြင့် ဂါဝရပြုလက်ဆောင် ပေးအပ်မှုကို လက်ခံရကာ  ရပ်ကွက်တာဝန်ရှိသူများနှင့် ဒေသခံများက ရပ်ကွက်အတွင်း လိုအပ်သည့် ကျန်းမာရေး၊ ရပ်ကွက်တွင်းလမ်းများနှင့် လျှပ်စစ်မီးလင်းရေး၊ ယာယီတိမ်းရှောင်မိသားစုဝင် ကလေးများ ကျောင်းတက်နိုင်ရေး စသည့်ကိစ္စရပ်များ တင်ပြမှုအပေါ် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် အဆိုပါ ရပ်ကွက်အတွင်း နှစ်ခြင်းအသင်းတော်မှ မြေနေရာငှားရမ်း၍ အိမ်ထောင်စုများအတွက် ယာယီနေအိမ်များဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ယာယီနေအိမ်များသွားလမ်းအား အသစ်ပြုပြင်ဖောက်လုပ်ပေးနိုင်ရေးနှင့် နေအိမ်များ အမြန်ဆုံးဆောက် လုပ်ပြီးစီးရေးအတွက် အသင်းတော်တာဝန်ရှိသူများထံ ငွေကျပ်သိန်း (၅၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အပြင် ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း လက်ရှိအခြေအနေအရ IDPs စခန်း (၄၀)ခု၊ တိုက်ပွဲရှောင်စခန်း (၉)ခုနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်စခန်း (၁၇၂)ခုနှင့် ဆွေမျိုးနေအိမ်များသို့ တိမ်းရှောင်နေထိုင်သူများလည်း ရှိနေ ပါကြောင်း၊ အဆိုပါ တိမ်းရှောင်လူဦးရေ (၇၀၀၀၀)ဦးတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက တစ်ဦးလျှင်ကျပ် (၂၀၀၀၀)နှုန်းဖြင့် ဇန်နဝါရီလအတွက် စုစုပေါင်းငွေ ကျပ် (၁၄၂၅၉၀၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖေဖော်ဝါရီနှင့် မတ်လအတွက် ဆက်လက် ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နေရပ်စွန့်ခွာသူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်သည့်အပြင် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး အတွက်ကိုလည်း ဝိုင်းဝန်းကြိုးပမ်း‌ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဘာသာရေးခေါင်းဆောင်များက နေရပ်စွန့်ခွာပြည်သူများ ယာယီခိုလှုံရာစခန်းများ ဖွင့်လှစ်နေရာချ ထားပေးမှုအခြေအနေများ၊ ပြန်လည်ထူထောင်ရေးနှင့် စခန်းပိတ်သိမ်းရေး ဆောင်ရွက်နိုင်သည့် အခြေအနေများနှင့် ကူညီထောက်ပံ့ပေးနိုင်ခဲ့မှု၊ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်များ စီစဉ်ပေးနိုင်ခဲ့မှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကို အသီးသီး ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။