မြစ်ကြီးနား အောက်တိုဘာ ၂၉
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စတုတ္ထအကြိမ်မြောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း အင်ဂျန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းသား/ ကျောင်းသူလေးများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့် သရုပ်ပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးက ပြည်နယ်၏လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အကျိုးထိရောက်စေသည့် ယခုလိုပွဲတော်များ ကျင်းပပေးခြင်းဖြင့် ကျောင်းစာကြည့်တိုက်များ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး ကျောင်း သား/ ကျောင်းသူလေးများအနေဖြင့်လည်း စာကြည့်တိုက်မှာစာဖတ်ခြင်း၊ ဗဟုသုတရှာဖွေခြင်းစသည့် အလေ့အထကောင်းများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပွဲတော်အတွင်း ကျောင်းသားလူငယ်လူရွယ်များအတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများအဖြစ် လူထုအခြေပြုဗဟိုဌာန(မြစ်ကြီးနား)တွင် ကျင်းပခဲ့သော ကျပန်းနှင့်ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူလေးများက ပြိုင်ပွဲဝင်ပုံစံဖြင့် ပြန်လည်သရုပ်ပြ ယှဉ်ပြိုင်မှုများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများနှင့်အတူ စာရေးဆရာ မစန္ဒာ၏ “အရိပ်” စာအုပ်ဖြင့် အမြဲမပြတ်လေ့လာသင်ယူရေး စာဖတ်ဝိုင်းကျင်းပပြုလုပ်မှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ် စာစောင်များကိုလည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ သရုပ်ပြအကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်းနှင့် တာဝန်ရှိသူများက ပွဲတော်အထိမ်းအမှတ် လူငယ်များအတွက် ကျင်းပပေးခဲ့သော ကာယဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ထက်၊ လယ်၊ မူအဆင့် စာစီစာကုံးနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများနှင့် စာဖတ်ဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်း သား/ ကျောင်းသူများကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ကျောင်းသား/ ကျောင်းသူလေးများက ပညာဘဏ်တိုက်စာကြည့်တိုက် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်ပြသထားသည့် သုတ/ ရသစာအုပ်စာစောင်ပြခန်း၊ လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်းများ ဖွင့်လှစ်ပြသထားရှိမှုများကိုလည်းကောင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်နှင့် အရုပ်ဆက်ပြိုင်ပွဲများပြုလုပ်ကျင်းပပေးနေမှုများကိုလည်းကောင်း ကျောင်းသား/ ကျောင်းသူများနှင့်အတူ စိတ်ဝင်တစားလည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။



