ကချင်ပြည်နယ်ဝန်ကြီးချုပ် ဘောလုံးအားကစားနည်း အဆင့်အတန်းမြင့်မားလာစေရေးအတွက် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အရည်အချင်းပြည့်ဝသည့် ဒိုင်လူကြီးမျိုးဆက်သစ်များ မွေးထုတ်နိုင်ရေး ဖွင့်လှစ်ပေးခဲ့သော အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးသင်တန်းဆင်းပွဲသို့ တက်ရောက်

မြစ်ကြီးနား  သြဂုတ် ၂
          ကချင်ပြည်နယ်၏ ဘောလုံးအားကစားအဆင့်အတန်းမြင့်မားလာစေရေးနှင့် စည်းမျဉ်းစည်း ကမ်းသတ်မှတ်ချက်များနှင့်အညီ အရည်အချင်းပြည့်ဝသော ဒိုင်လူကြီးမျိုးဆက်သစ်များ မွေးထုတ်နိုင်ရေးအတွက် ဖွင့်လှစ်ပေးခဲ့သော ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
          အဆိုပါသင်တန်းကို ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဒိုင်ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းရှိ လူငယ်မျိုးဆက်သစ် ဒိုင်ဝါသနာပါသူ သင်တန်းသား (၄၃) ဦးတို့အား (၅)ရက်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်၏ ဘောလုံးအားကစားအဆင့်အတန်းတိုးတက်စေရုံသာမက စည်းကမ်းပြည့်ဝပြီး အရည်အချင်းပြည့်မီသည့် ဒိုင် လူကြီးမျိုးဆက်သစ်များ မွေးထုတ်ပေးရနိုင်ရေးဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း ရုပ်ပိုင်းဆိုင် ရာ၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများ စဉ်ဆက်မပြတ်လေ့ကျင့်တည်ဆောက်ကြရေး၊ ဒိုင်လူကြီးကောင်းတစ်ဦး ရှိရမည့်သိက္ခာနှင့် သမာသမတ်ကျမှုကို အလေ့အကျင့်ကောင်းတစ်ခုအဖြစ် လက်ကိုင်ကျင့်သုံးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများထံ သင်တန်းဆင်းလက်မှတ်များနှင့် ဒိုင်သင်တန်းနည်းပြများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၅ သိန်းကို ပေးအပ်ချီးမြှင့်ရာ သင်တန်းနည်းပြဆရာက သင်တန်းနှင့်ပတ်သက်သည့် ဆောင်ရွက်ခဲ့မှုများနှင့် အတွေ့အကြုံများ၊ သင်တန်းများ၏ အလားအလာများကို ရှင်းလင်းတင်ပြပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။