ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရပ် ကွက်နေပြည်သူများနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား ဇူလိုင်  ၂၇
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ ဒေသတွင်းရှိ ပြည်သူများ နည်းပညာဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီတို့က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေ ပြည်သူများနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပွဲများကို ဇူလိုင် ၃၁ ရက်က မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်နှင့် ကျွန်းပင်သာရပ်ကွက်တို့တွင် ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ နံနက် ၉ နာရီခွဲတွင် လယ်ကုန်းရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် ဗက်လင်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၌ တွေ့ဆုံခဲ့ကြပြီး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ခေါင်းဆောင် ဦးတိန့်ဆောင်နှင့် ပညာရှင်များက ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သော နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင်တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားပုံ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို သုံးသပ်ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များ၊ ဒေသခံများ၏အကျိုးအမြတ်၊ ခံစားခွင့်၊ စိုးရိမ်ပူပန်မှုများအပေါ် ပွင့်ပွင့်လင်းလင်းမေးမြန်းခဲ့ကြရာ ကချင်ပြည်နယ်ဒေသခံ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာအခန်း ကဏ္ဍအလိုက်နည်းပညာဆိုင်ရာ ငလျင်နှင့် တမံကြီး များ၏ ကြံ့ခိုင်မှု၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ မြစ်ဆုံဆည်ပြီးစီးပါက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာနိုင်သည့် အခြေအနေများနှင့် ဒေသခံပြည်သူများ၏ အကျိုးအမြတ်ခံစားခွင့်များကို   အပြန်အလှန်ဆွေးနွေးပေးခဲ့ကြသည်။
အလားတူ မွန်းလွဲပိုင်းတွင်လည်း ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များ ဦးဆောင်သည့်အဖွဲ့က မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်၊ ပရဟိတကျောင်း၌ ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသခံရပ်ကွက်နေပြည်သူများနှင့် ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။