ကချင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ခုနှစ်၊ စိုက်ပျိုးရာသီတွင် တောင်သူများအတွက် မိုးစပါးတင်း (၉၀၀၀)၊ ပဲပုတ်မျိုးစေ့တင်း (၂၀၀)တို့အပြင် တနိုင်းခရိုင်နှင့် ပူတာအိုခရိုင်အတွက် ဆီမုန်ညှင်းတင်း (၁၀၀၀)ဖြန့်ဖြူးပေးထားပြီးဖြစ်

မြစ်ကြီးနား  သြဂုတ် ၁၈
          ကချင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ခုနှစ်၊ စိုက်ပျိုးရာသီတွင် တောင်သူများအတွက် မိုးစပါး တင်း(၉၀၀၀)၊ ပဲပုတ်မျိုးစေ့တင်း (၂၀၀)တို့အပြင် တနိုင်းခရိုင်နှင့် ပူတာအိုခရိုင်တို့အတွက် ဆီထွက်သီးနှံ ဆီမုန်ညှင်းတင်း(၁၀၀၀) ဖြန့်ဖြူးပေးထားပြီးဖြစ်ကြောင်းနှင့် ပန်းတိုင်ရည်မှန်းချက်ရရှိရေးအတွက် ကြိုးစားဆောင်ရွက်ရေး ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍမြင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားခဲ့သည်။
          ထို့အပြင် ကချင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ မိုးမဲပုပ်မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများကိုလည်း ယူရီးယားမြေသြဇာနှင့် ပဲပုပ်မျိုးစေ့များကို အခမဲ့ထောက်ပံ့ပေးထားခဲ့ကြောင်းနှင့် စပါးမျိုးစေ့ချကိရိယာနှင့် စိုက်ပျိုးမည့် တောင်သူများအတွက်ကိုလည်း မိုးစပါးမျိုးစေ့ချကိရိယာများ အခမဲ့ဖြန့်ဖြူးပေးထားခဲ့ကြောင်းသိရပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို လစဉ်တိုးတက်မှုအဖြစ် အစီရင်ခံတင်ပြရမည်ဖြစ်ပြီး အထူးသဖြင့် စာရင်းဇယားမှန်ကန်မှုရှိအောင် တင်ပြရေး၊ မြေပြင်ထိကွင်းဆင်း၍ လုပ်ငန်းထိရောက်၊ မြန်ဆန်အောင်ကွင်းဆင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြည်နယ်အတွင်း ဖူလုံပိုလျှံအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကာ နိုင်ငံအတွက် ဖူလုံအောင်ရည်မှန်းချက်ထားကြိုးစားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ်အဆင့် စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူ‌ရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးက ပြည်နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေး ကဏ္ဍမြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေ အနေများကိုရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် သမဝါယမအသင်းလီမိတက်များမှ စားရေရိက္ခာဖူလုံရေးနှင့် စားဆီဖူလုံမှုရှိစေ‌ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ မိရိုးဖလာစိုက်ပျိုးမွေးမြူနည်းစနစ်အား ပြောင်းလဲနိုင်ရမည့် ကိစ္စရပ်များနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများမှ သက်ဆိုင်ရာခရိုင်အလိုက် စားရေရိက္ခာဖူလုံရေးအတွက် ဆောင် ရွက်နေမှု အခြေအနေများကို  အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တစ်နှစ်နှင့်တစ်နှစ် စိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအပြင် တစ်ဧက ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် အထူးသဖြင့် မြေပြင်နှင့်စာရင်းဇယားကိုက်ညီမှုရှိစေရေး၊ လစဉ်လုပ်ငန်းတိုးတက်မှုအခြေအနေအား သတ်မှတ်ချိန်အတွင်း တင်ပြနိုင်ရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ကချင်ပြည်နယ်အတွင်း တောင်သူများအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပေးပို့သော ယူရီးယားမြေသြဇာတန်ချိန် (၄၅၀) အိတ်ပေါင်း (၉၀၀၀)အနက် မြစ်ကြီးနားခရိုင်အတွက် (၄၇၉၇)အိတ်တွင် (၃၁၈၇) အိတ်ကိုလည်းကောင်း၊ မိုးညှင်းခရိုင်အတွက် (၄၂၀၃)အိတ်တွင် (၄၁၇၇)အိတ်ကိုလည်းကောင်း ဖြန့်ဖြူးထားရှိပြီး ကျန်ရှိနေသာ ဓာတ်မြေသြဇာ (၁၆၃၆)အိတ်အား ဆက်လက်ဖြန့်ဖြူးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အစည်း အဝေးမှ သိရသည်။