ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်း သား/ငါးနှင့် ဥစားသုံးမှုဖူလုံစေရေး မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပလနကျေးရွာအုပ်စုအတွင်း ငါးမွေးကန်များနှင့် ကြက်မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား သြဂုတ် ၁၉
          ကချင်ပြည်နယ်အတွင်း သား/ ငါး စားသုံးမှုဖူလုံစေရေး တစ်ပိုင်တစ်နိုင် မွေးမြူထုတ်လုပ်မှုများမှတစ်ဆင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများအဖြစ် တိုးတက်လာစေရေး မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စုအတွင်း အစုအဖွဲ့ဖြင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ငါးမွေးမြူရေးစခန်းများများနှင့် ကြက်၊ နွား မွေးမြူရေးလုပ်ငန်းများတိုးမြှင့် လုပ်ကိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာအတွင်း ကွင်းဆင်းစစ်ဆေးသည်။
          အဆိုပါ ပလနကျေးရွာအုပ်စု၊ ပလန-၄ ကံကော်မြိုင်ကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် မွေးမြူရေးနေရာတစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင် ရွက်လျက်ရှိရာ ပိုင်ရှင် ဦးအောင်၏ မြေဧရိယာ ၅၀ ကျော်အတွင်း ငါးမွေးကန်များတူးဖော်၍ ငါးမွေးမြူရေးလုပ်ငန်းအတွက် နည်းစနစ်တကျဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ငါးကန်များအတွင်း ငါးသားပေါက်များ စိုက်ထည့်ပေးခဲ့ကြကာ နည်းစနစ်ကျမွေးမြူနိုင်ရေးနှင့် ငါးမျိုးတိုးပွားရေးနည်းလမ်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။
          ထို့နောက် အစုအဖွဲ့ဖြင့် မွေးမြူလုပ်ကိုင်ကြမည့် ပလန-၄ ငါးမွေးကန်စခန်းသို့သွားရောက်ပြီး အဆိုပါ ငါးမွေးကန်စခန်းဧရိယာအတွင်းရှိ ငါးကန်ဟောင်း ၁၁ ကန်အား ငါးလုပ်ငန်းဦးစီးဌာနနှင့် ချိတ်ဆက်ပေါင်းစပ်၍ နည်းစနစ်တကျ မွေးမြူထုတ်လုပ်နိုင်ရေးအတွက် ငါးကန်များ ပြန်လည်တူးဖော်၍ ငါးကန်ဧရိယာများ ရှင်းလင်းဆောင်ရွက်ထားရှိမှု ငါးအမျိုးအစားအလိုက် ငါးသားပေါက်ကောင်ရေ ငါးသောင်းကျော် စိုက်ထည့်မွေးမြူထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
          ယင်းနောက် အဆိုပါ ပလန-၄ ကျေးရွာနယ်မြေအတွင်း စည်ပင်သာယာရေးအဖွဲ့ပိုင် မြေနေရာ၌ အမှိုက်ကန်များ တူးဖော်ထားရှိမှုအပေါ် ငါးမွေးမြူနိုင်ရေးအတွက် (၂)နှစ်ခန့်မွေးမြူခွင့်ပြုနိုင်ရေး နှင့် အဆိုပါမြေဧရိယာအတွင်း မွေးမြူရေးလုပ်ငန်းရှင်များဖြင့် ကြက်မွေးမြူရေး၊ နွားမွေးမြူရေးနှင့် ဝက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး မြေနေရာသတ်မှတ်လျာထားမှုအခြေအနေများနှင့် လုပ်ငန်းများစတင်နိုင်ရေး လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအကြား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အဆိုပါ မြေဧရိယာအတွင်း ပိုင်ရှင်ဦးသိန်းဝင်းနှင့် အစုအဖွဲ့တို့ပူးပေါင်း၍ ကြက်ခြံကြီးများ ဆောက် လုပ်ကာ စီးပွားဖြစ်အသားတိုးကြက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကြက်သားပေါက်ရရှိမှု အခြေအနေနှင့် ဈေးကွက်နှင့် ကြက်ရောင်းချနိုင်မှုအခြေအနေများကို မေးမြန်းကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဆိုပါ ပလန-၄ ကျေးရွာအတွင်း ငါးမွေးမြူရေးလုပ်ငန်းများအပြင် လုပ်ငန်းရှင်အစုအဖွဲ့ဖြင့် မြေဧရိယာ ၂၃ ဧကတွင် ကြက်၊ ဝက်၊ နွားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေးအတွက် လုပ်ထုံး လုပ်နည်းနှင့်အညီ ခွင့်ပြုပေးလျက်ရှိပြီး လုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ရေး ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကြက်သားပေါက် ထုတ်လုပ်ဖြန့်ဖြူးခြင်းအား ပြည်နယ်အတွင်း၌သာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး KT ကုမ္ပဏီနှင့်ပူးပေါင်း၍ မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်အတွင်း ဥဖောက်စက် ဆောင်ရွက်မည့်တည်နေရာများ ရွေးချယ်ထားပြီး ဆောင်ရွက်ပြီးစီးပါက တစ်လလျှင် ကြက်သားပေါက်ကောင်ရေ တစ်သိန်းကျော် ဒေသတွင်းဖြန့်ဖြူးနိုင်ရေး စီစဉ်ထားရှိကြောင်းနှင့် ငါးမွေးမြူထုတ်လုပ်မှုကိုလည်း ယခု ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း ပိဿချိန်ထောင်ပေါင်း (၁၉၀၀၀)ပိဿာထုတ်လုပ်နိုင်ရန် ရည်မှန်းချက်ထား ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။