ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ် လျဉ်း၍ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်/ ကျေးရွာများအတွင်းရှိ ရပ် ကွက်နေပြည်သူများနှင့် ဆက်လက်တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား  သြဂုတ် ၁၇
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသတွင်းရှိ ပြည်သူများ နည်းပညာဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီတို့က ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်း၍ တွေ့ဆုံဆွေးနွေးပွဲများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၇ ရက်ကလည်း မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်နှင့် တပ်ကုန်းရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် မွန်းလွဲ ၁ နာရီခွဲက တပ်ကုန်းရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ ခန်းမ၌တွေ့ဆုံခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သော နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင်တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှု ကွာခြားပုံ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များနှင့် သိလိုသည်များကို ပွင့်လင်းစွာ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိမှုအစီအမံများ၊ ဧရာဝတီမြစ်တစ်လျှောက် နေထိုင်သူများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံကိန်းတည်ဆောက်စဉ်ကာလအတွင်း မည်သို့ကြီးကြပ်ဆောင် ရွက်သွားမည်/ မည်သူက ကြပ်မတ်သွားဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်းနှင့် ဒေသခံများ၏ ခံစားခွင့်၊ အကျိုး အမြတ်၊ စိုးရိမ်ပူပန်မှုများအပေါ် ပွင့်ပွင့်လင်းလင်းမေးမြန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးများနှင့် ကချင်ပြည်နယ်ဒေသခံ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အလားတူ နံနက် ၉ နာရီခွဲကလည်း ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များ ဦးဆောင်သည့်အဖွဲ့က မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် နောင်ခမ်းရှမ်းရွာ ဓမ္မာရုံ၌ ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ရပ်ကွက်နေပြည်သူများနှင့် ရင်းနှီးပွင့်လင်းစွာဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။