ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်‌ကျေးမှု အဆို၊အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်နေမှုများနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် အထူးကုဆေးကုသရေး အဖွဲ့ (မန္တလေး) မှ ‌ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးနေမှုအား သွားရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား     အောက်တိုဘာ ၄
၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ‌ဗဟိုအဆင့်ပြိုင်ပွဲတွင် ကချင်ပြည်နယ်အနေဖြင့် ပြိုင်ပွဲအမျိုးအစား (၅၄)မျိုးတွင် ပြိုင်ပွဲဝင်ဦးရေ (၁၁၃)ဦး၊ အဖွဲ့လိုက်ပြိုင်ပွဲအနေဖြင့် ကဗျာလွတ်၊ တိုင်းရင်းသားရိုးရာ(ဇိုင်ဝါး)၊ ကချင်တိုင်းရင်းသားရိုးရာအကများဖြင့် ပါဝင်ယှဥ်ပြိုင်ကာ အောင်မြင်မှုရရှိနိုင်ရေး စခန်းသွင်းပြင်ဆင်လေ့ကျင့်နေမှုများ အား ပြည်နယ်လှုမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် အောက်တိုဘာ ၄ ရက် နံနက် ၁၀ နာရီက  သွားရောက်ကြည့်ရှုအား‌ပေးကာ ပြိုင်ပွဲဝင်များအား အားပေးစကားပြောကြားသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ စခန်းသွင်း လေ့ကျင့်ဆောင်သို့ သွားရောက်ပြီး အတီးပြိုင်ပွဲဝင်များ၏ စန္တရား၊ တယော၊နှဲ၊ မယ်ဒလင်၊ ပုလွေ၊ ပတ္တလားအစရှိသည့် တူရိယာများ နည်းပြဆရာများဖြင့် တီးခတ်လေ့ကျင့်နေမှုများအားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမအတွင်း အဆိုပြိုင်ပွဲဝင်များ၏ မဟာဂီတ၊ ကာလပေါ်/ခေတ်ဟောင်း တေး၊ အမျိုးဂုဏ်/ဇာတိဂုဏ် တေးသီချင်းများ လေ့ကျင့်သီဆိုနေမှုများအားလည်းကောင်း၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်အတွင်းရှိ စခန်းသွင်းလေ့ကျင့်ဆောင်၌ အက ပြိုင်ပွဲဝင်များ၏ က‌ဗျာလွတ်၊ ရုပ်စုံသဘင်၊ ရုပ်သေးကြိုးဆွဲ အစရှိသည့် အကများ လေ့ကျင့်နေမှုတို့ အား လှည့်လည်ကြည့်ရှုအားပေးပြီး ဗဟိုအဆင့်ပြိုင်ပွဲတွင်အောင်မြင်မှုရရှိနိုင်ရေး အစွမ်းကုန်ကြိုးစား လေ့ကျင့်ကြရန် ပြိုင်ပွဲဝင်များအား အားပေးစကား‌‌‌‌‌‌ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အလားတူ ယနေ့နံနက်ပိုင်းကလည်း ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကချင် ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာနများ၌ အသုံးပြုနိုင်ရန်အတွက် ကျန်းမာ‌ရေးဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းတွင် အသုံးပြုလျက်ရှိသော တီဘီရောဂါကုသကာကွယ်ဆေးများ ရန်ကုန်မှ မြစ်ကြီးနားသို့ လေကြောင်းခရီးဖြင့် ပေးပို့ရောက်ရှိရာ အဆိုပါဆေးဝါးများ စနစ်တကျသယ်ဆောင်‌သိမ်းဆည်းနိုင်ရေး ‌ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဥ် ဖြင့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီး  (၁၂)ဦးပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့က မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးနေမှုများအား လှည့်လည်ကြည့်ရှုအား‌ပေးခဲ့သည်။
          ထိုသို့ ပြည်သူ့ဆေးရုံကြီး၌ လူနာများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခမဲ့ ဆေးကုသ‌‌ပေးရာတွင် ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများက ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ ရောဂါ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာရောဂါ၊ နှလုံးဆေးကုသမှုဆိုင်ရာရောဂါ၊ အသည်းဆေးကုသမှုဆိုင်ရာရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ကလေးဦးနှောက်နှင့်အာရုံကြောရောဂါ၊ ဆီးချိုနှင့် ဟော်မုန်း ရောဂါ၊ ဆီးနှင့်ကျောက်ကပ် ဆေးကုသမှုဆိုင်ရာရောဂါ၊  ကလေးသွေးနှင့်ကင်ဆာရောဂါများ လာရောက်ပြသသော ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူစုစုပေါင်း ၃၈၀၃ ဦးတို့အား စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့ပြီး အထူးခွဲစိတ်ကုသမှုလိုအပ်သည့်လူနာများနှင့်အထူးကုသမှု ဆက်လက်ခံယူရန်လိုအပ်သည့် လူနာများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။