ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခရိုင်ပေါင်းစုံအသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ၊ ပြိုင်ပွဲဝင်အသင်းများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခရိုင်ပေါင်းစုံအသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ၊ ပြိုင်ပွဲဝင်အသင်းများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     မေ ၂

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို မေ ၃ ရက်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မေ ၂ ရက် နံနက် ၇ နာရီခွဲတွင် ပြည်နယ်ပြည်သူ့အားကစားကွင်း အတွင်း ပြိုင်ပွဲဝင်အသင်းများအား သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ပြည်နယ်ဦးစီးမှူး ဦးအောင်သူနှင့် ခရိုင်ဦးစီးမှူးများနှင့်အတူ ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊ ပြိုင်ပွဲကျင်းပမည့် အစီအစဉ်များနှင့် ပတ်သက်၍ ကိုဗစ် – ၁၉ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပနိုင်ရေး၊ ဖွင့်ပွဲအခမ်းအနားတွင် ပန်းပွား၊ ဘင်ခရာနှင့် အားကစားပေါင်းစုံ သရုပ်ပြအစီအစဉ်များ ထည့်သွင်းကျင်းပနိုင်ရေးနှင့် ပိတ်ပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ဆုငွေများ တိုးမြှင့်ပေးအပ်သွားရေး၊ ခရိုင်(၃)ခရိုင်မှ အားကစား သမားများအတွက် စားသောက်စရိတ်များ တိုးမြှင့်ထောက်ပံ့နိုင်ရေးတို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဆုံးဖြတ်ပေးခဲ့သည်။

          ယင်းနောက်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခရိုင်(၄)ခရိုင်အနက်  မိုးညှင်း၊ဗန်းမော် နှင့် ပူတာအိုခရိုင်(၃)ခရိုင်မှ ပြိုင်ပွဲဝင်အသင်းနည်းပြနှင့် အားကစားသမားများအတွက် စားစရိတ် ထပ်တိုးထောက်ပံ့ငွေ တစ်ဦးလျှင်ငွေကျပ် (၁၅၀၀)နှုန်းဖြင့် လူဦးရေ(၆၅)ဦးတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၁၃၇၂၅၀၀)နှင့် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုတို့အတွက် လျာထား ချီးမြှင့်ငွေထက် ထပ်တိုးထောက်ပံ့နိုင်ရေးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ်(၂၁)သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြိုင်ပွဲဝင်များအတွက် အစားအသောက်အဆောင်နှင့် အားကစားသမားများ တည်းခိုဆောင်၊ ဘောလုံးကွင်းအတွင်း ပြင်ဆင် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကြပြီး ပြိုင်ပွဲအတွက် ကြိုတင်ရောက်ရှိလေ့ကျင့်နေကြသည့် ခရိုင်(၄) ခရိုင်မှပြိုင်ပွဲဝင်ဘောလုံးအသင်း နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ တွေ့ဆုံ အားပေးစကားပြောကြားကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်ဘောလုံးအသင်း (၁)သင်းလျှင်ငွေကျပ် (၂)သိန်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၈) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။