ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံအသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံအသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား     မေ ၃

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေ ၃ ရက် မွန်းလွဲပိုင်း ၃ နာရီတွင် မြစ်ကြီးနားမြို့၊ ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ် သည်။

          ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်(၄)ခရိုင်မှ ဘောလုံးအသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြ များနှင့် အားကစားသမားများ၊ ပန်းပွား၊ ဘင်ခရာအဖွဲ့တို့က ကွင်းအတွင်းနေရာယူကြပြီး  ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ ကျန်းမာ ကြံ့ခိုင်စေရေးနှင့် ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ယနေ့ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရာတွင်လည်း ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည် ဉာဏ်သွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်လာမည် ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ စည်းလုံးညီညွတ်သည့် စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေး၊ ဇာတိမာန်များ ရှင်သန်ထက်မြက်လာစေရေး ဦးတည်ချက်များဖြင့် အားကစားလှုပ်ရှားမှုများကို ပြည်နယ်သူ/ပြည်နယ်သားများ အားလုံးပါဝင်လာစေရေး မြှင့်တင်ဆောင် ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပရေးကိုလည်း မိမိတို့စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် အပြည့်အဝ လမ်းညွှန်ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  ယနေ့ ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့် အားကစားသမားကောင်းတစ်ဦး၏ စိတ်ဓာတ်ဖြစ်သည့် သန့်ရှင်းမျှတသော စိတ်ဓာတ်ကို အခြေခံပြီး မိမိတို့၏ စွမ်းရည်ကို ထုတ်ဖော်ပြသယှဉ်ပြိုင် ကစားကြ စေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာ ကြီးများထံ ပြိုင်ပွဲအမှတ်တရ ဂုဏ်ပြုအလံများကို ပေးအပ်ခဲ့ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          ယင်းနောက် ဖွင့်ပွဲအထိမ်းအမှတ် Body Fitness Dance ၊ ကရာတေး၊ ဝူရှုး၊ လက်ဝှေ့အဖွဲ့များ က သရုပ်ပြကစားပြသခဲ့ကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဘင်ခရာ၊ ပန်းပွားနှင့် သရုပ်ပြ အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့့်ကြကာ အသက် (၂၁)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် မြစ်ကြီးနားခရိုင်အသင်းနှင့် ပူတာအို ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

          အဆိုပါ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်နှင့် ပူတာအိုခရိုင် (၄) ခရိုင်မှ ပြိုင်ပွဲဝင်ဘောလုံးအသင်းများက မေ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။