ကချင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်၊ လက်ရက်ကန်းနှင့်သဘာဝဆိုးဆေးသင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး

 ကချင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်၊ လက်ရက်ကန်းနှင့်သဘာဝဆိုးဆေးသင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား             ဇန်နဝါရီ ၂၄

            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၊ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကြီးမှူးဖွင့်လှစ်သော ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင် (၁)နှစ်သင်တန်း၊ လက်ရက်ကန်းနှင့်သဘာဝဆိုးဆေး(၆)လသင်တန်းဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁ဝနာရီက အဆိုပါ သင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာ တွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ညဏ်မြင့်ကျော်က တက်ရောက်ဖွင့်လှစ်ပေးသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးက “နှစ်စဥ် ပညာသင်နှစ်အလိုက် ပုံမှန်ရက်ကန်းသင်တန်းများ ဖွင့်လှစ်ခြင်းအားဖြင့် ရိုးရာရက်ကန်းအတတ်ပညာများ တိမ်ကော ပပျောက် မသွားစေရန်၊ ငယ်ရွယ်သော အမျိုးသား/ သမီးငယ်လေးများ ရက်ကန်းပညာရပ်များဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ၊ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံ ၊ အလုပ်ရုံ များအတွက် ကျွမ်းကျင်သော လုပ်သားများ မွေးထုတ်ပေးနိုင်ရန်၊ ရက်ကန်းပညာရပ်ဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ၊ကချင်ရိုးရာဒီဇိုင်းများ စျေးကွက်အတွင်း စဥ်ဆက်မပြတ် ပြန့်ပွားစေရန်နှင့် တပိုင်တနိုင် ရက်ကန်းပညာရပ်များဖြင့် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရန် ရည်ရွယ်ကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ဦးအောင်မောင်းမှ ဌာန၏ လုပ်ငန်းစဥ်များ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါသင်တန်းသား/သူများအတွက် ပြည်နယ်ဝန်ကြီးက ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

အဆိုပါ ရက်ကန်းသင်တန်းတွင် စက်ရက်ကန်း၊လက်ရက်ကန်း၊အထည်ဒီဇိုင်း၊အထည်သချ်ာ၊ လက်ချည်မျှင်စွဲ၊ တိုင်းရင်းသားရိုးရာ ဂျပ်ခုတ် အစရှိသည့်ဘာသာရပ်များ ပါဝင်ပြီး သဘာဝဆိုးဆေး သင်တန်းတွင် ဆီးဖြူသီး၊ကြက်သွန်ခွံ၊ ကုက္ကိုခေါက်၊ ဂျုတ်သီး၊ အုန်းသီးခွံ ၊ဆပ်ပြာကြမ်း၊ ဆနွမ်းတတ်၊ဗံဒါရွက် အစရှိသည်တို့အား အသုံးပြုပြီး ဆိုးဆေး ပြုလုပ်နည်းများအား စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း အဆိုပါရက်ကန်းသင်တန်းကျောင်း ကျောင်းအုပ်ကြီးထံမှ သိရသည်။