ကချင်ပြည်နယ်ဝန်ကြီးချူပ် ဒေသခံများအတွက် အခြေခံစက်ချုပ်သင်တန်း၊ ပန်းအလှပြင်သင်တန်းနှင့် သတင်းရေးသားထုတ်ပြန်ခြင်း၊ သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း သင်တန်းဆင်းပွဲများသို့ တက်ရောက်အားပေး

 ကချင်ပြည်နယ်ဝန်ကြီးချူပ် ဒေသခံများအတွက် အခြေခံစက်ချုပ်သင်တန်း၊ ပန်းအလှပြင်သင်တန်းနှင့် သတင်းရေးသားထုတ်ပြန်ခြင်း၊ သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း သင်တန်းဆင်းပွဲများသို့ တက်ရောက်အားပေး

မြစ်ကြီးနား     အောက်တိုဘာ ၇

          ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဒေသခံတိုင်းရင်းသူများ အသက်မွေးပညာ များတတ်မြောက်ပြီး မိသားစုဝင်ငွေတိုးပွားရေးအတွက် အခြေခံစက်ချုပ်သင်တန်း၊ ပန်းအလှပြင်သင်တန်း နှင့်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းရည်တိုးတက်မြင့်မားရေးအတွက် သတင်းရေးသားထုတ်ပြန်ခြင်း၊ သတင်း ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဆင်းပွဲများကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ လူထု အခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။

          သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုကဲ့သို့ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးသာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ယနေ့ခေတ် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ သတင်းမီဒီယာကဏ္ဍ သည်လည်း အရေးပါလျက်ရှိသည့်အတွက် သတင်းရေးသားထုတ်ပြန်ခြင်း၊ သတင်းဗီဒီယိုရိုက်တည်းဖြတ် နည်းသင်တန်းကို ဖွင့်လှစ်ပေးနိုင်ခြင်းသည်လည်း ဒေသတွင်းသတင်းများကို ပြည်သူများထံ မှန်ကန်မြန် ဆန်စွာရောက်ရှိစေမည်ဖြစ်ပါကြောင်း၊သို့ပါ၍ယခုလိုအသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ် နိုင်ခဲ့သည့်အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူမိသလို သင်တန်းသားများအနေဖြင့် သင်ကြားခဲ့သည့် အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင်လည်း အကျိုးရှိထိရောက်စွာ ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှဌေးက မြစ်ကြီးနား Community Centre ၌ ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားလာစေရေးအပြင် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချူပ်က အခြေခံစက်ချုပ်သင်တန်း၊ ပန်းအလှပြင်သင်တန်းနှင့် သတင်းရေးသားထုတ်ပြန်ခြင်း၊ သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်းနည်းပြများအား ဂုဏ်ပြု မှတ်တမ်းလွှာများကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အခြေခံ စက်ချုပ်သင်တန်းမှ သင်တန်းသူများအားလည်းကောင်း၊ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို (ကသာ)က သတင်းရေးသားထုတ်ပြန်ခြင်း၊ သတင်းဗီဒီယိုရိုက်ကူးတည်း ဖြတ်ခြင်းသင်တန်းမှ သင်တန်းသားများအားလည်းကောင်း သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌက လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ငွေကျပ် ၂ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ သင်တန်းသား/ သင်တန်းသူများ ကိုယ်စားသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသူများ၏ သင်တန်းကာလ အတွင်း လက်တွေ့ဆောင်ရွက်ခဲ့ကြသည့် ပန်းအလှပြင်ဆင်ထားရှိမှုများနှင့် အထည်ချုပ်လက်ရာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနား Community Centre အနေဖြင့် ဒေသ ခံများ အသိပညာဗဟုသုတတိုးပွားရေးအပြင် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အသက်မွေး ပညာသင်တန်းများကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ယနေ့ သင်တန်း ဆင်းခဲ့သည့် အခြေခံစက်ချုပ်သင်တန်းကို (၁)လကြာ သင်တန်းသား ၂၀ ဦးဖြင့် လည်းကောင်း၊ ပန်းအလှ ပြင်သင်တန်းကို သင်တန်းသား ၃၀ ဦးတို့ဖြင့် လည်းကောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သတင်းရေးသားပေးပို့ခြင်း၊ သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးများမှ ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများ ၁၀ ဦးတို့အား ဒေသတွင်း သတင်းစီးဆင်းမှု မြန်ဆန်စေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် လေ့ကျင့်သင် ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။