ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ ခေတ္တတိမ်းရှောင်လာသော ဆွတ်ပီယန်ဒေသခံ ပြည်သူများ နေရပ်ပြန်လည်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများအား တွေ့ဆုံအားပေးထောက်ပံ့

 ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ ခေတ္တတိမ်းရှောင်လာသော ဆွတ်ပီယန်ဒေသခံ ပြည်သူများ နေရပ်ပြန်လည်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများအား တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     မတ် ၃၀

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ပူတာအိုခရိုင်အတွင်းရှိ ဆွတ်ပီယန်ကျေးရွာအုပ်စုနှင့် လုံရှာယန်ကျေးရွာအုပ်စုများမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့နယ်အတွင်း နေရပ် စွန့်ခွာတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည် နေထိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ရာ မတ် ၃၀ ရက် နံနက် ၇ နာရီခွဲတွင် စီတာပူရပ်ကွက်ရှိ မနောကွင်း အတွင်း စုရပ်ပြုလုပ်ပြီး နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

          မနောကွင်းအတွင်း စုရပ်ပြုလုပ်၍ နေရပ်စွန့်ခွာ တိမ်း‌ရှောင်လာသော ပြည်သူများအား နေရပ် ပြန်လည်နေထိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ပြန်လည်လိုက်ပါပို့ဆောင်ပေးကြမည့် ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များမှ ဘုန်းတော်ကြီးများ၊ တာဝန်ရှိသူများနှင့် တိမ်းရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။

ထို့သို့ တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လမ်းခရီးတွင် စားသောက်နိုင်ရေး မုန့်နှင့် ရေဘူးများ၊ သက်ကြီးဘိုးဘွားများနှင့် မိခင်များအတွက် ထောက်ပံ့ငွေများ ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နေရပ်ပြန်လည်နေထိုင်ရာတွင် လိုအပ်သည့် အခက်အခဲများ၊ နေထိုင်စားသောက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊ ကျောင်းသားကလေးငယ်များ စာမေးပွဲဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားသည့် ကိစ္စရပ်များနှင့် နေရပ်ကျေးရွာများတွင် အေးချမ်းလုံခြုံစွာနေထိုင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးထားမှု အခြေအနေ များကို ရှင်းလင်းအားပေးပြောကြားပြီး လမ်းခရီး အစဉ်ပြေချောမွေ့စေရေး လိုအပ်သည်များကို ဘာသာရေးခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ပူတာအိုခရိုင်အတွင်း မတ်လအစောပိုင်းကာလ၌ နယ်မြေလုံခြုံရေးအခြေအနေအရ ဆွတ်ပီ ယန်ကျေးရွာအုပ်စုမှ ဆွတ်ပီယန်၊ ခင်ဒူယန်၊ အင်စီးယန်ကျေးရွာများနှင့် လုံရှာယန်ကျေးရွာအုပ်စု၊ လုံရှာယန်ကျေးရွာတို့မှ ဒေသခံအိမ်ထောင်စု ၃၄၅ စု၊ လူဦးရေ ၁၃၇၀ တို့သည် ပူတာအိုမြို့နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် တောတွင်းများသို့ ခေတ္တတိမ်းရှောင်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်  နေရပ်စွန့်ခွာပြည်သူများအား နေရပ်ပြန်လည်နေထိုင်နိုင်ရေး၊ နယ်မြေလုံခြုံမှုရှိစေရေးတို့အတွက် အဖွဲ့အစည်းသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နေရပ်ကျေးရွာများသို့ ပြန်လည်ရောက်ရှိရေးအတွက် မော်တော်ယာဉ်(၆)စီးနှင့် ထောက်ပံ့ငွေများ၊ စားနပ်ရိပ်က္ခာ(၃)လစာအပြင် ကယ်ဆယ်ရေးပစ္စည်းများ ဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၁၉၅၉၁၅၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ယနေ့ ပြန်လည်ပို့ ဆောင်သည့် အိမ်ထောင်စု (၂၆၃)စုမှာ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများနှင့် ဆွေမျိုးနေအိမ်များတွင် ခေတ္တတိမ်းရှောင်လာသည့် ပြည်သူများဖြစ်ကြောင်း သိရှိရသည်။