ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ခိုင်‌တောင်ကျွန်းတောင်သူများအား သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဖွဲ့စည်း၍ ပြည်နယ်၏ စံပြစိုက်ကွင်းတစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများနှင့်ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ခိုင်‌တောင်ကျွန်းတောင်သူများအား သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဖွဲ့စည်း၍ ပြည်နယ်၏ စံပြစိုက်ကွင်းတစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများနှင့်ညှိနှိုင်းဆွေးနွေး

 

မြစ်ကြီးနား     စက်တင်ဘာ ၁၇

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာအုပ်စုအတွင်းရှိ ခိုင်တောင်ကျွန်းအတွင်း သီးနှံစိုက်ပျိုးသူ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်၏ စံပြစိုက်ကွင်း တစ်ခုအဖြစ် ရင်းနှီးမတည်၍ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးတောင်သူများ၊ ကွင်းမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

          ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်ရေးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်က ခိုင်တောင်ကျွန်းတွင် ကွင်း  ၆ ကွင်းဖြင့် စိုက်ပျိုးဧက ၃၀၀၀ ကျော်ရှိနေပြီး ခေတ်အဆက်ဆက် စိုက်ပျိုးရေးတောင်သူများက အစေ့ထုတ်ပြောင်း၊ နှမ်း၊ ဆီထွက်သီးနှံနှင့် အခြား သီးနှံများကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါကြောင်း၊ ယခုအခါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင် ရွက်သော စိုက်ပျိုးရေးသမဝါယမအသင်းစုအဖြစ် ရင်းနှီးမတည်၍ ပြည်နယ်၏ စံပြစိုက်ကွင်းတစ်ခု ဖြစ်လာစေရေး စိုက်ပျိုးရေးနည်းပညာလိုအပ်ချက်၊ ရင်းနှီးမတည်ငွေနှင့် ဈေးကွက်ရရှိရေးအတွက် စီမံဆောင်ရွက်ပေးနိုင်ရေးသည် တောင်သူများ၏ လိုလားချက်ဖြစ်သလို မိမိတို့အစိုးရအဖွဲ့အနေဖြင့် လည်း ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော်‌ဆောင် ရွက်ပေးနိုင်ရေး အားလုံးက ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွား‌ရေးရာဝန်ကြီး ဦးမျိုးဆွေက နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယလုပ်ငန်းနှင့် ငါးလုပ်ငန်းများ အတွက် ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ မတည်ရင်းနှီးထောက်ပံ့ပေးနိုင်မှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက လုပ်ငန်း ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် နည်းလမ်းများ၊ ချေးငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများကို တင်ပြဆွေးနွေးကြရာ တောင်သူများက စိုက်ပျိုးရေးနည်းပညာလိုအပ်ချက် များ၊ ကုန်ထုတ်လမ်း၊ တံတား လိုအပ်ချက်များတင်ပြမှုများအပေါ် ရင်းနှီးပွင့်လင်းစွာညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

          ဆွေးနွေးညှိနှိုင်းမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ခိုင်တော်ကျွန်းအတွင်းရှိ တောင်သူများ အတွက် ရန်ပုံငွေမှ ရင်းနှီးမတည်ပေးနိုင်ရေး၊ စိုက်ပျိုးရေးနည်းပညာလိုအပ်ချက်နှင့် ကုန်ထုတ်လမ်း၊ တံတား လိုအပ်ချက်များ၊ တောင်သူ အသိပညာပေးလုပ်ငန်းများကို  ကွင်းဆင်းလေ့လာစစ်ဆေး ဆောင်ရွက်နိုင်ရေး ပြည်နယ်ကော်မတီအဖွဲ့ဝင်များ၊ တောင်သူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

          အဆိုပါ ခိုင်တောင်ကျွန်းသည် မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ကွင်း (၆)ကွင်းဖြင့် စိုက်ပျိုးမြေဧရိယာ ၃၀၀၀၀ ကျော်တွင် တောင်သူ (၉၀၀)နီးပါးတို့သည် နှစ်စဉ် အစေ့ထုတ်ပြောင်း၊ နှမ်း၊ ဆီမုန်းညှင်းနှင့် အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယနေ့အစည်း အဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းအဖြစ် ဖွဲ့စည်း၍ မတည်ထောက်ပံ့ပေးပြီး နေကြာအပါအဝင်၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပြည်နယ်၏ စံပြစိုက်ကွင်းတစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။