ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမလုပ်ငန်းဆောင်ရွက်မည့် ကုန်ထုတ်လုပ်မှုစီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမလုပ်ငန်းဆောင်ရွက်မည့် ကုန်ထုတ်လုပ်မှုစီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     စက်တင်ဘာ ၃၀

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့် တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့် သမဝါယမ စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းစီမံကိန်းများကို ရွေးချယ်သတ်မှတ်ခဲ့ပြီး မတည်ထောက်ပံ့ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက သမဝါယမစီမံကိန်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် (စက်မှုဇုံ)ရှိ ဖြိုးဝေဝေ စက္ကူနှင့်စာအုပ်ထုတ်လုပ် ရေးသမဝါယမအသင်းလီမိတက်သို့ သွားရောက်ပြီး စက်ရုံလည်ပတ်ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်း များနှင့် ပြည်နယ်အတွင်း ပထမဆုံး နှစ်ဖက်ချောစက္ကူ တိုးချဲ့ထုတ်လုပ်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသင်းဥက္ကဋ္ဌ ဦးဘင်ဂျမင်(ခ)အောင်ကိုက တင်ပြသည်။

          တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် ဒေသတွင်း MSME ကုန် ထုတ်လုပ်မှုများကို တိုးတက်မြင့်မားလာရေး ဆောင်ရွက်နေသကဲ့သို့ မိမိတို့ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုများတိုးတက်မြင့်မားလာစေရေးနှင့် ဈေးကွက်ရရှိရေးအတွက် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုသမဝါယမအသင်း အနေဖြင့် နှစ်ဖက်ချော စက္ကူထုတ်လုပ်နိုင်ရေးနှင့် တစ်ရှုးစက္ကူ အကြမ်း/အချော ထုတ်လုပ်နိုင်ရေး အတွက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းအားပေးပြော ကြားပြီး စက်ရုံထုတ် တစ်ဖက်ချောစာအုပ်များ၊ ပလပ်စတစ်ကြိုးခွေများနှင့် စက်ရုံလည်ပတ်နေမှု အခြေအနေများနှင့် တိုးချဲ့ထုတ်လုပ်သွားမည့် နှစ်ဖက်ချောစက္ကူစက် တည်ထောင်တပ်ဆင်ဆောင် ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့မှ ၁၃ မိုင်ဝေးကွာသည့် အကျဲ ကျေးရွာရှိ ဆွတ်ရှနန် သဘာဝမြေသြဇာထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ခဲ့ကြပြီး စက်ရုံ တာဝန်ရှိသူများက စက်ရုံမှ သဘာဝမြေသြဇာထုတ်လုပ်နိုင်မှုအခြေအနေနှင့် လုပ်ငန်းစီမံချက်များ၊ တောင်သူများထံ ရောင်းချဖြန့်ဖြူးလျက်ရှိသည့် အခြေအနေများ၊ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းများကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားရေးအတွက် သဘာဝမြေသြဇာထုတ်လုပ်ခြင်းဖြင့် ဓာတ်မြေသြ ဇာဈေးနှုန်းကြီးမြင့်မှုကို သက်သာစေပြီး ဘေးကင်းလုံခြုံသောသီးနှံများ ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် တောင်သူများထံ ဈေးနှုန်းချိုသာစွာ ထုတ်လုပ်ရောင်းချနိုင်ရေး တိုးချဲ့ဆောင်ရွက်ရမည့်ကိစ္စရပ်များ အပေါ် အနည်းဆုံးသော အတိုးနှုန်းဖြင့် ချေးငွေမတည်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ် ကြောင်း ပြောကြားကာ စက်ရုံအတွင်း မွေးမြူရေးထွက်ကုန် ကုန်ကြမ်းပစ္စည်းများဖြင့် သဘာဝဓာတ် မြေသြဇာထုတ်လုပ်မှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာအုပ်စုအတွင်းရှိ ဦးအောင်ရွှေ၏ ရာဘာ စိုက်ပျိုးရေးခြံသို့ သွားရောက်ခဲ့ကြပြီး ရာဘာပင်များ စိုက်ပျိုးထားရှိမှုနှင့် ရာဘာအစေးခြစ်ယူထားရှိမှု အခြေအနေများ၊ ခြံဝင်းအတွင်း မက္ကဒေးမီးယားစိုက်ခင်း (၉)ဧက၊ ထောပတ်သီး (၉)ဧက၊ ပန္နဲသီး စိုက်ဧက (၃)ဧက၊ ကျွဲကောစိုက်ဧက (၁၀)ဧကအတွင်း အပင်များ ရှင်သန်ဖြစ်ထွန်းနေမှုနှင့် အသီး များဖြစ်ထွန်းနေမှု အခြေအနေများ၊ သီးနှံပင်များနှင့်အတူ မန်ချန်ရှားပင်များနှင့် သရက်ပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ဆက်လက်၍ စိုက်ပျိုးရေးခြံဝင်းအတွင်း ရာဘာစက်ရုံငယ် တည်‌ထောင်၍ ခြစ်ယူထားသည့် ရာဘာအစေးများကို နေလှမ်းပြား ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါခြံဝင်းအတွင်း လုပ်ကွက်ငယ် ရာဘာစိုက်တောင်သူများ စုပေါင်း၍ ထုတ်လုပ်သောရာဘာအစေးများကို ရာဘာ အဆင့်မြှင့်နေလှမ်းပြားများ(RSS-1) ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က ရာဘာ ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များအား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိ ရသည်။