ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ တတိယအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲပြီး ပြည်နယ်အတွင်းရှိ ပြောင်းစိုက်တောင်သူများအား စိုက်ပျိုးရေးနည်းပညာနှင့် အထောက်အပံ့များပေးအပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ တတိယအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲပြီး ပြည်နယ်အတွင်းရှိ ပြောင်းစိုက်တောင်သူများအား စိုက်ပျိုးရေးနည်းပညာနှင့် အထောက်အပံ့များပေးအပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၁၇

          ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှု အဖြစ် တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၆ နာရီက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တစ်ပျော် တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

          ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ စတင် တာလွှတ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက် နေပြည်သူများ စုပေါင်း၍ အား/ကာတိုက်တန်းလမ်းမှ ရုံးကြီးလမ်းတစ်လျှောက်၊ ထိုမှတစ်ဆင့် သခင်နက်ဖေလမ်းအတိုင်း ပြည်သူ့အားကစားကွင်းအတွင်းသို့ ဝင်ရောက်ကာ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

          ထို့နောက် ပြည်သူ့အားကစားကွင်းအတွင်း ကိုယ်လက်ကြံ့ခိုင်ရေး အတွဲအမှတ် (၁)နှင့် (၂) လေ့ကျင့်ခန်းနှင့် Fitness Dance အကတို့ဖြင့် စုပေါင်းလေ့ကျင်ခဲ့ကြကာ အားကစားကွင်းအတွင်း လမ်းလျှောက်ပွဲတက်ရောက်လာသူများအတွက် ပျော်ပွဲရွှင်ပွဲ ကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးပြီး အိမ်အသုံးအဆောင်ပစ္စည်းများကို ကံစမ်းမဲနှိုက်၍ ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အတွင်းရှိ ပြောင်းစိုက်တောင်သူများအား စိုက်ပျိုးရေးနည်းပညာများနှင့်အထောက်အပံ့များပေးအပ်နိုင်ရေးအတွက် မြန်မာနိုင်ငံပြောင်းလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ပြောင်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ၊ ပြောင်းစိုက်တောင်သူများနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်‌ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းအနေဖြင့် ပြည်နယ်ပြောင်းလုပ်ငန်းရှင်များအသင်းနှင့် လက်တွဲပြီး မျိုးကောင်း/ မျိုးသန့်နှင့် သွင်းအားစုများရရှိ ပါက ဈေးကွက်လည်း အသင့်ရှိပြီးဖြစ်သည့်အတွက် ပြောင်းစိုက်ပျိုးထုတ်လုပ်မှုတွင် တိုးတက်အောင် မြင်လာမည်ဖြစ်ပါကြောင်း၊ ဒေသတွင်းပြောင်းစိုက်တောင်သူများအနေဖြင့်လည်း လိုအပ်သည်များကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအေးချမ်းအောင်နှင့် တာဝန် ရှိသူများက ပြောင်းလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ပြောင်းစိုက်တောင်သူများနှင့် စုဖွဲ့၍ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို လည်း ကောင်း၊ ပြည်နယ်ပြောင်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ပြောင်းစိုက်တောင်သူများက ပြည်နယ် အတွင်း ပြောင်းထုတ်ကုန်များကို တရုတ်နိုင်ငံသို့ ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှ တစ် ဆင့် တင်ပို့နိုင်မှုအခြေအနေများနှင့် စိုက်ပျိုးနည်းပညာလိုအပ်ချက်၊ ဈေးကွက်ရရှိမှု အခြေအနေများ၊ လိုအပ်ချက်/ အခက်အခဲများကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း ပြောင်းစိုက်တောင်သူများ အတွက် မြေပိုင်ဆိုင်မှုရရှိရေး၊ ပြောင်းစိုက်ဧကများ တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေး၊ အကျိုးတူလယ်ယာ စနစ်ဖြင့် စိုက်ပျိုးအောင်မြင်လာစေရေးနှင့် လာမည့်နှစ်အတွင်း ပြောင်းစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဌာနဆိုင်ရာများနှင့် တောင်သူများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ကချင်ပြည်နယ်အတွင်း အစေ့ထုတ်ပြောင်းစိုက်ဧကမှာ ယခုနှစ် မိုးရာသီတွင် ဧကပေါင်း ၄၅၃၈၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဆောင်းရာသီစိုက်ပျိုးရန်အတွက် ပြင်ဆင်လျက်ကြောင်းနှင့် ယခင်နှစ် က မိုးပြောင်းစိုက်ဧက ၄၂၈၈၈ ဧကနှင့် ဆောင်းပြောင်းစိုက်ဧက ၃၆၈၆၇ ဧက ဖြစ်ရာ စုစုပေါင်း မိုးပြောင်းနှင့်ဆောင်းပြောင်းစိုက်ဧက ၇၉၇၅၅ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း ပြည်နယ်လယ် ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရပြီး အစေ့ပြောင်းထုတ်ကုန်များကို ကန်ပိုက်တီ နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့မှုအများဆုံး ဖြစ်ကြောင်း ပြည်နယ် ပြောင်းစိုက်လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။