မြစ်ကြီးနား သြဂုတ် ၂၆
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် နေရပ်စွန့်ခွာပြည်သူများအတွက် စိုက်ပျိုးမွေးမြူရေးတိုးမြှင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခြင်းကို သြဂုတ် ၂၆ ရက် တွင် ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် နံနက် ၇ နာရီခွဲတွင် ပြည်နယ်ဝန် ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ဈေး၌ ဈေး ရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြကာ နေအိမ်ပြင်ပ ထွက်တိုင်း နှာခေါင်းစည်း စနစ်တကျတပ်ဆင်ကြရေးနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာ ပေးခဲ့ကြသည်။
ထို့မှတစ်ဆင့် မချမ်းဘောမြို့နယ်အတွင်း ကောင်းမှုလုံစေတီတော်ကို သွားရောက်ဖူးမျှော် ကြည်ညိုကြပြီး နဝကမ္မအလှူငွေများ လှူဒါန်းကာ ဂေါပကအဖွဲ့ဝင်များ၏ ဘုရားပိုင်မြေနေရာ ရရှိ ရေးတင်ပြချက်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ပျိုးပင် များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများထံ သစ်ပင်စိုက်ပျိုးပွဲတော်အတွက် မန်ဂျန်ရှားအရိပ်ရပင် ၄၀၀ ကို လွှဲပြောင်းပေး အပ်ပြီး ဌာနဆိုင်ရာများနှင့်အတူ တစ်ပျော်တစ်ပါး စိုက်ပျိုးပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဇီထမ်းကျေးရွာ မြေဧက ၆၀ ပေါ် နေရပ်စွန့်ခွာ ပြည်သူများ ရွေ့ပြောင်းနေရာချထားပေးသည့် အိမ်ရာစခန်းအတွင်း ခန်းမဆောင်၌ နေရပ်စွန့်ခွာ မိသားစုများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒေသကြက်ကောင်ရေ ၃၀၀၊ ဝက် ၈ ကောင်နှင့် မန်ဂျန်ရှားအပင် ၃၀၀ ပင်၊ နေအိမ်ခြံဝင်းများအတွင်း စိုက်ပျိုးရန်အတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေး အပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် နေအိမ်များအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကိုစနစ်တကျဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုတပ်နယ်ဧက ၅၀၀ ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံအတွင်း မျှော်စင်၌ စိုက်ခင်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ခြံအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုအပိုင်းများကို တပ်မတော်အရာရှိကြီးများအား မေးမြန်းဆွေးနွေးပြီး ကြက်မွေးမြူ ရေးခြံနှင့် ဝက်မွေးမြူရေးခြံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဘက်စုံခြံအတွက် ဂရိဖုပျိုးပင် များနှင့် မွေးမြူရေးအထောက်အကူပြုဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ဂျူဗလီကျေးရွာအတွင်း ပုဂ္ဂလိကပိုင်ခြံစိုက်ခင်းအတွင်း ကြယ်ပဲစိုက်ခင်း ၁ ဧက၌ ကြယ်ပဲသီးများဖြင့် အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ခန်းမဆောင်၌ ပူတာအိုမြို့နယ်အတွင်းရှိ ခရစ်ယာန်ဘာသာရေးအဖွဲ့ ၃ ခုနှင့် တွေ့ဆုံပြီး ဘာသာရေးအဖွဲ့ ၁ ဖွဲ့လျှင် ငွေကျပ် ၃ သိန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၉ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။