ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ခရစ္စမတ်ပွဲတော်ဝတ်ပြုဆုတောင်းပွဲ သို့ တက်ရောက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက် မြင့်မားလာစေရေးနှင့် နေကြာသီးနှံမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုတို့ကို ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ခရစ္စမတ်ပွဲတော်ဝတ်ပြုဆုတောင်းပွဲ သို့ တက်ရောက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက် မြင့်မားလာစေရေးနှင့် နေကြာသီးနှံမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုတို့ကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၅

          ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့သည် တိုင်းရင်းသား ရေးရာဝန်ကြီးဌာန၏ ခရစ်စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်ပြီးနောက် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်လုပ်ငန်းများနှင့် ဆီထွက်သီးနှံနေကြာ တိုးမြှင့်စိုက်ပျိုးနိုင်ရေး အတွက် မျိုးစေ့ထုတ် နေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု အခြေအနေတို့ကို  ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ ခရစ္စမတ်ပွဲတော် ဝတ် ပြုဆုတောင်းပွဲ အစီအစဉ်ကို မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။

          ဝတ်ပြုဆုတောင်းပွဲတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ခရစ်ယာန် ဘာသာဝင်များ၏ အလေးအနက်ထားသည့် ခရစ္စမတ်အချိန်ကာလတွင် ပြည်နယ်အတွင်း နေထိုင်ကြ သော ပြည်နယ်သူ၊ ပြည်နယ်သားအားလုံးနှင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး မေတ္တာတရားဖြင့် ငြိမ်းချမ်း သာယာမှုများ ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပြီး ကတ်သလစ်ဘုန်းတော်ကြီးများနှင့် ဓမ္မဆရာတော်များ၊ တက်ရောက်လာကြသူများနှင့်အတူ အဖွင့်ပဏာမ ကျမ်းစာဖတ်ကြားခြင်း၊ ဆုတောင်းဆက်ကပ်အပ်နှံခြင်း၊ ဂုဏ်တော်သီချင်းများ သီဆိုဆက်ကပ်ခြင်း၊ ဒေသနာတော်ဟော ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခရစ္စမတ်အထိမ်းအမှတ် ကတ်သလစ် ဘုန်းတော်ကြီး၊ ဓမ္မဆရာတော်များနှင့် တက်ရောက်လာကြသော တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ် ကျေးမှုအဖွဲ့များ ခေါင်းဆောင်များအတွက် အမှတ်တရလက်ဆောင်များကို ပေးအပ်ခဲ့ကြပြီး ကောင်း ချီးတောင်းခံဆုတောင်းဆက်ကပ်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်သည် တက်ရောက်လာသူများနှင့် အတူ ခရစ္စမတ်အထိမ်းအမှတ် နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့ နောင်နန်းရပ်ကွက်အတွင်းရှိ “ကဆန်ထီ” အမည်ဖြင့် ပူတာအိုဒေသထွက် ကျောက်ပျားရည်၊ ဂရိတ်ဖု၊ သစ်ကြားသီး၊ ချဉ်စော်ခါးသီး၊ အမေရိကန်သံပုရာနှင့် ရှောက်ကောသီးနှံ များအား အသင့်စား စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ်လုပ်မှုများ နည်းစနစ်ကျ တိုးမြှင့်ထုတ်လုပ်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ ပံ့ပိုးကူညီပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တပ်ကုန်း(ဧဒင်)ရပ်ကွက်အတွင်း ကတ်သလစ် အသင်းတော် မြစ်ကြီးနားသာသနာနယ် လူမှုကူညီရေးနှင့် ဓမ္မပြုစုပျိုးထောင်ရေးဌာန၌ နို့စားနွားများ မွေးမြူထားရှိမှု၊ နို့နှင့်နို့ထွက်ပစ္စည်းများ ဈေးကွက်တင်ပို့ရောင်းချနေမှုအခြေအနေတို့ကို မေးမြန်း ဆွေးနွေးခဲ့ကြပြီး မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ အလားတူ မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်အတွင်း အဆိုပါ ကတ်သလစ်အသင်း‌တော်ပိုင် ဘဝသစ်ပြန်လည်ထူထောင်ရေးဂေဟာ၌ ဘုန်းတော်ကြီး ဖရန်စစ်ဒေါတန်နှင့်အတူ ပြန်လည်ထူ ထောင်ရေးအသင်းသားများအား နှစ်သိမ့်အားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဂေဟာအတွက် အလှူငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဘုန်းတော်ကြီးနှင့်အတူ အသင်းတော်ပိုင် မြေဧရိယာအတွင်း ကြက်၊ ဝက်နှင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကူညီထောက်ပံ့မှုများပေးနိုင်ရေး ဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စိုက်ပျိုးရေးဦးစီးဌာန ပိုင် ဇီးလွန်မျိုးသန့်ခြံ၌ ဆီထွက်သီးနှံ နေကြာ(ရေဆင်း-၃) မျိုးစေ့ထုတ်စိုက်ခင်း ဧက (၄၀)နှင့် ဆင်းရွှေကြာ (၂)မျိုး စိုက်ပျိုးထားရှိပြီး  တစ်ဧက နေကြာမျိုးစေ့တင်း (၁၀)ထုတ်ပေးနိုင်မှုအခြေအနေ နှင့် မျိုးပြန့်ပွားရေးအတွက် ပျားဖြင့် ဝတ်မှုံကူးခြင်း၊ လူမှ ဝတ်မှုံကူးပေးခြင်း ဆောင်ရွက်ပေးနေမှု အခြေအနေများကို စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ စိုက်ခင်းအတွင်း ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ နေကြာမျိုးသန့်များ အခမဲ့ဖြန့်ဝေပေးနိုင်ရေး၊ ဆီစားသုံးမှု လုံလောက်စေရေးအတွက် နေကြာသီးနှံ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ထွက်ကုန် အားလုံး ဝယ်ယူသွားမည့် အစီအမံများနှင့် နည်းစနစ်ကျ စိုက်ပျိုးနည်းပညာများ ပံ့ပိုးကူညီပေးသွား မည့် အစီအစဉ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေး ရွာအုပ်စု၊ အထက်မော်ဖောင်းကျေးရွာ ထွယ်ဆန်နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်း၌ အသင်းတော် တည်ထောင်နှစ်(၅၀)ပြည့် ရွှေရတုပွဲတော်သို့ တက်ရောက်ပြီး ရပ်မိရပ်ဖများ၊ အသင်းတော် တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ အသင်းတော်အတွက် အလှူငွေ များကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။