ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိလ်/အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်အပ်နှင်း၊ မချမ်းဘောမြို့နယ်အတွင်း နိုင်ငံ့စိးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိလ်/အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်အပ်နှင်း၊ မချမ်းဘောမြို့နယ်အတွင်း နိုင်ငံ့စိးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပူတာအို         ဖေဖော်ဝါရီ ၂၆

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူတာအိုခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအတွက် ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ ဆုပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်အပ်နှင်းခဲ့ကြပြီး မချမ်းဘောမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ နံနက် ၈ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့၊ ပန်းလှိုင်ရပ်ကွက်၊ ပန်းလှိုင်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ မဟာမြတ်မုနိကြေး သွန်းဘုရားကြီးအား သွားရောက် ဖူးမျှော်ကြည်ညိုပြီး ဘုရားဂန္ဓကုဋီကျောင်းတိုက်နှင့် ဘက်စုံပြုပြင် မွမ်းမံတည်ဆောက်နိုင်ရေးအတွက် အလှူတော်ငွေများကို အသီးသီးပေးအပ်လှူဒါန်းခဲ့ကြသည်။

          ထို့နောက် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက် ရေး၊ စားရေရိက္ခာဖူလုံစေရေးအပြင် ကျေးလက်နေပြည်သူများဘဝ တိုးတက်မြင့်မားလာစေရေး အတွက် ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားလာစေရေး နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် တခြားလုပ်ငန်းများဆောင်ရွက်ရန် မတည်ငွေကျပ် စုစုပေါင်းကျပ်သိန်း ၈၀၀၀ ကို  ရင်းနှီးမတည်ပေးထားပါကြောင်း၊ ဒါ့အပြင် ပူတာအိုဒေသအား ခရီးသွားလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်လာစေ‌ရေး နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အစိုးရတို့မှ ကြိုးပမ်း ဆောင်ရွက်မှုများကို ဒေသခံပြည်သူများအားလုံးက စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။

             ဆက်လက်၍ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ခရိုင်အတွင်း ငါးစားသုံးမှု ဖူလုံစေရေးနှင့်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသော တောင်သူများအတွက် နည်းစနစ် တကျ ငါးမွေးမြူနိုင်ရေး၊ မျိုးစပ်ငါးခူမွေးမြူနည်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေး ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ၊ ထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပူတာအို ခရိုင်အတွင်းရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအတွက် စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု၊ စီးပွားရေးဆိုင်ရာ ထူးချွန်ဆု၊ လူမှုရေးဆိုင်ရာထူးချွန်ဆုရရှိသူများအား ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ ဂုဏ်ထူးဆောင် လက်မှတ်၊ ဆုပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်ကဘာသာပေါင်းစုံဘောလီဘောပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ခရိုင်အတွင်းရှိ ခိုကိုးရာမဲ့ဘိုးဘွား (၇၇)ဦးတို့အတွက် ငွေကျပ် ၁၆၄၅၀၀၀ တန်ဖိုးရှိ ကျား/မလုံချည်၊ ခြုံစောင်၊ ဆပ်ပြာ၊ ရေနွေးအိုး၊ ဓားနှင့် ပလပ်စတစ် ရေပုံးများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသော တောင်သူများအတွက် မွေးမြူရေးအထောက် အကူပြု ဆေးဝါးများကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထို့နောက် တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခရိုင်အတွင်းရှိ IDPs စခန်း များမှ နေရပ်စွန့်ခွာပြည်သူများအား ပြောင်းရွေ့နေရာချထားပေးသည့် ဇီဒမ်း(၂)ကျေးရွာ နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၌ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ ကျေးရွာနေပြည်သူများ ၏ လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ကျေးရွာနေပြည်သူများအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးမှ ထောက်ပံ့သည့် ငွေကျပ် ၃၉၇၈၉၀၀ တန်ဖိုးရှိ လက်ဆေးရည်ဘူး ၅၂ ဘူး၊ Face Shield ၃၈၀ ခု၊ ကွင်းတားပိုက် ၇၅ ခု၊ ဆပ်ပြာ ၇၆ တောင့်၊ ရေနွေးအိုး၊ ပလပ်စတစ်ရေပုံး၊ ဓား၊ တီရှပ်အင်္ကျီ (၇၆)ထည်၊ နှာခေါင်းစည်း Mask ၁၀၉ ခုတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျေးရွာပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ကလေးများအတွက် ထောက်ပံ့ငွေများ ကို ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ကျေးရွာအတွင်း လျှပ်စစ်မီးရရှိရေးနှင့် သောက်သုံးရေရှိရေး ဆောင်ရွက်ထားရှိ သည့် လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာနေပြည်သူ များ၏ နေထိုင်စားသောက်ရေးနှင့် တစ်ပိုင်တစ်နိုင်စီးပွားရေးအတွက် နေအိမ်ခြံဝင်းများအတွင်း ပန်းအာလူး၊ ဟင်းသီးဟင်းရွက်သီးနှံများကို စံပြစိုက်ကွက်များ စိုက်ပျိုး၍ ပညာပေးနိုင်ရေး တာဝန် ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပူတာအို-မချမ်းဘောမြို့ လမ်းပေါ်ရှိ နမ်ပါကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမအသင်းသားဦးရေ ၇၇ ဦး ဖြင့်ဆောင်ရွက်သည့် အသင်းသားဦးစောနွဲ့အောင်စိုး၏ နေအိမ်အတွင်း ဒေသဝက်များ မွေးမြူထား ရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မချမ်းဘောမြို့၊ ဂူဘားရိပ်သာမှတစ်ဆင့်  မေခမြစ်ရေတိုက် စားမှုမှကာကွယ်နိုင်ရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အရှည်ပေ ၈၀၀ ကျောက်စီရေထိန်းနံရံ တည်ဆောက်နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်အချိန်ပြီးစီးအောင်ဆောင်ရွက်ရေး တာဝန်ရှိ သူများအား မှာကြားခဲ့သည်။

          ထို့နောက် မချမ်းဘောမြို့ ရပ်ကွက် ၃ ရှိ ပိုင်ရှင်ဦးဒီယိုဆဲ၏ မုန်ညှင်းဆီကြိတ်စက် လုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်ရရှိမှု၊ လုပ်ငန်းလည်ပတ်နိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ အဆိုပါ ရပ်ကွက်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်သည့် မြို့နယ်တရားရုံး တစ်ထပ် RC အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ကို ဖြည့်စွက်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် အင်ဘူးဘော့ကျေးရွာ ဂရိတ်ဖုစိုက်ခြံ၌ မချမ်းဘောမြို့ပေါ် ရပ်ကွက် (၁/၂/၃/၄) တို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အာလူး၊ ဆီမုံညှင်းနှင့် ဒေသထွက်သစ်သီးပင် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်မည့် ရပ်ကွက်လုပ်ငန်းစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့် သွားရောက်တွေ့ဆုံပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊  အလားတူ နမ်ခမ်းကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်မှုအပေါ် ချေးငွေရရှိမှုအခြေအနေနှင့် ဒေသဝက်၊ ငါးခူနှင့် ဒေသငါးမျိုးစိတ်ဖြစ်သည့် ငါးနီငါးများ မွေးမြူထားရှိမှုကို လည်းကောင်း၊ ထရန်ဒမ်းကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းအတွက် ရန်ပုံငွေရရှိမှု အခြေအနေများ၊ ဒေသထွက်သစ်သီးဝလံမျိုးစုံ စိုက်ပျိုး ဆောင်ရွက်သွားမည့် အစီအစဉ်များကို လည်းကောင်း မေးမြန်းဆွေးနွေးခဲ့ကြပြီး  ကျေးရွာများ၏ လုပ်ငန်းစီမံကိန်းအလိုက် လိုအပ်ချက်များနှင့် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက် များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ထောက်ပံ့ငွေများနှင့် မွေးမြူရေး ဆောင်ရွက်မည့် တောင်သူများအတွက် တိရစ္ဆာန်ရောဂါကာကွယ်ဆေးနှင့် မွေးမြူရေးအထောက် အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မချမ်းဘောမြို့ သမိုင်းဝင် ကောင်းမှုလုံစေတီတော်သို့ သွားရောက်ပြီး စေတီ တော်အား ဖူးမျှော်ကြည်ညိုကာ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကောင်းမှုလုံဘုရား မေခ မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိ သည့် ကျောက်စီရေထိန်းနံရံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။