ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီနားမြို့ပေါ်ရှိ ယာယီခိုလှုံရာစခန်း(၄)ခုတို့မှ မူလနေရပ်သို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ၊ ဆီ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီနားမြို့ပေါ်ရှိ ယာယီခိုလှုံရာစခန်း(၄)ခုတို့မှ မူလနေရပ်သို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ၊ ဆီ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့

မြစ်ကြီးနား     မတ် ၂၁

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်း(၄)ခုမှ မူလနေရပ်ကျေးရွာ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်ကြမည့် အိမ်ထောင်စုများ အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်ရိက္ခာ၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို  မတ် ၂၁ ရက် နံနက် ၇ နာရီခွဲက ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက အဆိုပါ ယာယီခိုလှုံရာစခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း မန်ခိန်နှစ်ခြင်းကယ်ဆယ်ရေးစခန်း၌ စခန်းတာဝန်ခံများ၊ အိမ်ထောင်စုများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မူလနေရပ် ဝိုင်းမော် မြို့နယ် ကဇူးယန်ကျေးရွာနှင့် ဒဘတ်ယန်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား မိမိတို့အစိုးရအဖွဲ့အနေဖြင့် လတ်တလောနေထိုင်စားသောက်မှု အဆင်ပြေ စေရန် ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်သလို နေရပ်ကျေးရွာများတွင် မိသားစုများ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးနှင့် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ စခန်းမှ မူလနေရပ် ကဇူးယန်ကျေးရွာနှင့် ဒဘတ်ယန်ကျေးရွာများသို့ ပြန်လည် ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စု ၂၅ စု၊ လူဦးရေ ၁၄၄ ဦးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန် ၁ အိတ်၊ ဆီ ၁ ပိဿာ၊ ထောက်ပံ့ငွေ ကျပ် ၁ သိန်းစီနှင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးကျပ် ၄၅၇၅၀၀ နှင့် ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာက အိမ်ထောင်စု (၂၅)စုတို့အတွက် ဆန်ရိက္ခာဖိုးငွေ ၁၂၉၆၀၀၀၊ ပြောင်းရွှေ့စရိတ်အဖြစ် ငွေကျပ် ၂၅၀၀၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂၅)ပုံးဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုး ၅၀၂၁၉၀၀ ကိုထောက်ပံ့ပေးအပ်ရာ အိမ်ထောင်စုများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လယ်ကုန်းရပ်ကွက်အတွင်းရှိ ဇီးအုန်ယာယီ ခိုလှုံရာစခန်း၌ မူလနေရပ် ဝိုင်းမော်မြို့နယ် ကဇူးယန်ကျေးရွာ၊ ဒဘတ်ယန်ကျေးရွာနှင့် ဂါးရာယန် ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် လယ်ကုန်းဇီးအုန်၊ ဗက်လင်နှင့် မလိယန်ယာယီ ခိုလှုံရာစခန်း (၃) ခုမှ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြန်လည်ရွေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု ၄၀ စု၊ လူဦးရေ ၂၂၃ ဦးတို့အတွက် ဆန် ၁အိတ်၊ ဆီ ၁ ပိဿာစီနှင့် ငွေကျပ် ၁ သိန်းစီဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးကျပ် ၇၃၂၀၀၀ နှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေ ၂၀၀၇၀၀၀၊ ပြောင်းရွှေ့စရိတ်အဖြစ် ငွေကျပ် ၄၀၀၀၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပုံး(၄၀)ဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုး ၇၉၆၈၄၄၀ ကို အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယနေ့ နေရပ်ပြန်ပြည်သူများအတွက် ဆန်၊ ဆီ၊ ထောက် ပံ့ငွေများ၊ ထောက်ပံ့ပစ္စည်းများအပြင် ၎င်းတို့နေရပ်သို့ ပြန်လည်ရောက်ရှိရေးအတွက် မော်တော် ယာဉ်များကိုလည်း စီစဉ်ပေးခဲ့သည်။

          အလားတူပြည်နယ်ဝန်ကြီးချုပ်သည် မတ် ၂၀ ရက် ညနေ၄ နာရီခွဲက ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်း၌ ပြည်သူလူထုကျန်းမာဖို့ ခြေလှမ်း ၃၀၀၀ လျှောက်ကြစို့ အစီအစဉ်ဖြင့် ပြည်နယ်ဘောလုံးကွင်းပြေးလမ်း၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ တစ်ပျော် တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး Fitness Dance ဖြင့် အတူတကွ စုပေါင်းလေ့ကျင့်ခဲ့ကြကြောင်း သိရှိရသည်။