ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများ၏ ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများ၏ ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၈

          ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ကချင်ပြည်နယ်အတွင်းမှ တပ်ဖွဲ့/ ဦးစီးဌာနများ၏ ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲကို ဇူလိုင် ၈ ရက်က နံနက်ပိုင်းမှ စတင်၍ ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်အကျဉ်းဦးစီးဌာနနှင့် ပြည်နယ်မီးသတ်ဦးစီး ဌာနမှ ဝတ်အသင်းများက အလှည့်ကျယှဉ်ပြိုင်ခဲ့ကြရာ ညနေပိုင်းတွင် ဆုရအသင်းများအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။

          ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၊ တိုက်အုပ် ဆရာတော်ဘဒ္ဒန္တသီလာနန္ဒ၊ ကျောင်းထိုင်သင်တန်းကျောင်း လက်ထောက်နာယကဆရာတော်ဘဒ္ဒန္တ ပညာသာရအမှူးထား၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး အခမ်းအနားကို နမေတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မည်သည့်ဘာသာ တရားမဆို တရားဓမ္မ နှင့် မွေ့လျော်နေပါက စိတ်တည်ငြိမ်အေးချမ်းပြီး နူးညံ့သိမ်မွေ့လာသည်ကို တွေ့မြင်ရမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် ဘဝတွင် အတွေးအခေါ်၊ အသိဉာဏ်ပညာရင့်ကျက်စေရန် အတွက် တရားဓမ္မဖြင့် မွေ့လျော်တတ်ရန် လိုအပ်ပါကြောင်း၊ ယနေ့ပြိုင်ပွဲပြီးစီးပါက တပ်ဖွဲ့/ ဦးစီးဌာနများအနေဖြင့် အလေ့ အကျင့်၊ အလေ့အထကောင်း တစ်ခုအနေနှင့် နေ့ကြီး၊ ရက်ကြီးနှင့် လပြည့် လကွယ်နေ့များတွင်လည်း စဉ်ဆက်မပြတ် ရွတ်ဆိုပူဇော်ကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိအနေ ဖြင့် ကုသိုလ်ကောင်းမှု အကြောင်းစုတို့တွင် မပေါ့မလျော့၊ မပေါ့မဆ၊ သတိတရားလက်ကိုင်ထား၍ ပြုမှုပြောဆိုကြံစည်နေ ထိုင်ကြရေးအတွက် ဂုဏ်ယူဝမ်းသာတိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲ တွင် အကဲဖြတ်/ အမှတ်ပေးရေး လုပ်ငန်းကော်မတီအဖြစ် ဆောင်ရွက်ပေးခဲ့ကြသော ဆရာ‌တော် (၂)ပါးအတွက် ဝတ္ထုငွေများ လှူဒါန်းကြကာ လူပုဂ္ဂိုလ်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ကိုပေးအပ် ချီးမြှင့်ပြီး ပြည်နယ်သာသနာရေးမှူးက ပြိုင်ပွဲတွင် ဆုရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြိုင်ပွဲတွင်ဆုရအသင်းများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လွင်လွင်မော်နှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်းတို့က အထူးဆုရရှိသော  ပြည်နယ်အကျဉ်းဦးစီးဌာနနှင့် ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအသင်းတို့အား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက တတိယဆုရ ပြည်နယ်မီးသတ်ဦးစီးဌာနအသင်းအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ကို အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက ဒုတိယဆုရ  ပြည်နယ်ရဲတပ်ဖွဲ့အသင်း အား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသော  ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအသင်းအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်အသင်းများ၏ ပါဝင်ယှဉ်ပြိုင်မှု အခြေအနေများအား အကဲဖြတ်/ အမှတ်ပေးရေး လုပ်ငန်းကော်မတီအဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့သော ဆရာတော်မှ ပြိုင်ပွဲဝင် အသင်း များ၏ ရွတ်ဆိုပူဇော်ခဲ့မှုအခြေအနေများကို ရှင်းလင်းမိန့်ကြားပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။