ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မိုးကောင်းနှင့် နမ္မတီးမြို့ရှိ ဌာနဆိုင်ရာများ နှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မိုးကောင်းနှင့် နမ္မတီးမြို့ရှိ ဌာနဆိုင်ရာများ နှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     စက်တင်ဘာ ၁

          ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ မိုးကောင်းမြို့နှင့် နမ္မတီးမြို့တို့ရှိ မြို့နယ်နှင့် မြို့စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး မြို့များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက် နေမှုများကို ပြည်နယ်အစိုးရဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မိုးကောင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး မြို့များ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာလှပရေးအတွက် ဘဏ္ဍာ နှစ်အလိုက် အဓိကကျသည့် လုပ်ငန်းများ ပါဝင်စေရေး၊ စီမံကိန်းများကို ရေးဆွဲတင်ပြသွားရေး၊  စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများအပြင် အားလုံးကဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဘဏ္ဍာ နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြကာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်း များ၊ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစည်းအဝေး ခန်းမ၌ မြို့နယ်အမှုဆောင်အရာရှိ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် လမ်း၊ တံတား၊ ရေပေးဝေရေးနှင့် မြေ ယာအလှပြုပြင်ရေးလုပ်ငန်းများနှင့် ယာဉ်၊ ယန္တရားလိုအပ်ချက်များ၊ ဝန်ထမ်းအိမ်ရာ လိုအပ်ချက်များ  တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးက မြို့နေပြည်သူများအတွက် အကျိုးရှိထိရောက်မည့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် မြို့ဦးရပ်ကွက်အတွင်းရှိ လမ်းသွယ် (၆) မြေသားမြှင်တင် ခြင်း၊ အမာခံသဲကျောက်ခင်းခြင်း ပေ ၂၀၀ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးသည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်အင်ဂျင်နီ ယာမှူးရုံးသို့ သွားရောက်ပြီး အရာထမ်း၊ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ လျှပ်စစ် မီတာခကြွေးကျန်များ ကောက်ခံရရှိရေး၊ နေ့စားလပေးဝန်ထမ်းများ အမြဲတမ်းဝန်ထမ်းအဖြစ် တိုးမြှင့်ပေးရေး၊ အခက်အခဲ၊ လိုအပ်သည်များကို မေးမြန်းဆွေးနွေးခဲ့သည်။

          ဆက်လက်၍ မိုးကောင်းမြို့ပေါ် ရပ်ကွက်များတွင် လျှပ်စစ်ဗို့အားပြည့်ဝစွာသုံးစွဲနိုင်ရေး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့် အသစ်တိုးချဲ့ တည်ဆောက်ပေးထားသည့် ကျွန်းတော ရပ်ကွက်နှင့် ဖိုးချစ်ကုန်းရပ်ကွက်အတွင်းရှိ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ (၂)လုံးနှင့် ၁၁ ကေဗွီ ကြိုးလိုင်းများဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးသည် မြို့နယ်သစ်တောဦးစီးအရာရှိရုံး၌ သစ်တောရုံးဝန်ထမ်း များနှင့် သွားရောက်တွေ့ဆုံအားပေးခဲ့ကြပြီး ကြိုးဝိုင်း၊ ကြိုးပြင်သစ်တောဧရိယာ ထိန်းသိမ်းရေး လုပ်ငန်းများ၊  ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နှီးဘုရားဝင်း အတွင်း ဦးစီးဌာနမှ မိုးရာသီအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်ခဲ့သော ကျွန်း၊ ပျဉ်းကတိုး စသည့် သစ်မာပင်များ စိုက်ပျိုးရှင်သန် အောင်မြင်ဖြစ်ထွန်းရေး ပြုစုပျိုးထောင်ထားရှိ မှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် နမ္မတီးမြို့ မြို့တော်ခန်းမ တည်ဆောာက်နေမှု အခြေ အနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူ များအား မှာကြားခဲ့ကာ မြို့စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များ မေးမြန်းဆွေးနွေးမှာကြားခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စည်ပင်သာယာရေး အဖွဲ့မှ ဆောင်ရွက်ထားရှိသည့် ကွန်ကရစ်လမ်းများ ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်‌ ဆေးခဲ့ကြကြောင်း သိရှိရသည်။