ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယအကြိမ် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း၍ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ပြုလုပ်ကျင်းပ

 ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယအကြိမ် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း၍ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ပြုလုပ်ကျင်းပ

မြစ်ကြီးနား  ဖေဖော်ဝါရီ ၄

          တပို့တွဲလတွင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံပွဲတော်တစ်ခုဖြစ်သည့် ထမနဲထိုး ပြိုင်ပွဲများကို ရှေးအစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးအရအဖွဲ့က ကြီးမှူး ကျင်းပသည့် ဒုတိယအကြိမ် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၃ ရက် ညနေ ၃ နာရီက အဆိုပါ အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။

          ထမနဲထိုးပြိုင်ပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း က ထမနဲထိုးပြိုင်ပွဲသည် နှစ်စဉ်တပို့တွဲလတွင် ကျင်းပမြဲဖြစ်သည့် မြန်မာတို့၏ ရိုးရာပွဲတော်ဖြစ်ပါကြောင်း၊ ယနေ့ထမနဲထိုးပြိုင်ပွဲကို ပါဝင်ကြမည့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် စိတ်လက်ပေါ့ပါးစွာဖြင့် စည်းလုံးညီညွတ်မှု၊ ပျော်ရွှင်မှုကို ဖော်ထုတ်ပြသပြီး အကောင်းဆုံးယှဉ်ပြိုင်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားပြီး၊ ဒိုင်ချုပ်ဖြစ်သည့် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

          ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဒိုင်အဖွဲ့ တို့က ထမနဲထိုးပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့်ဝန်ကြီးဌာနပေါင်းစုံနှင့် ပြည်နယ်တရား လွှတ်တော်ရုံး၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပြိုင်ပွဲဝင်အသင်းများ၏ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ တပျော်တပါးစုပေါင်း၍ ထမနဲထိုးယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

          ယင်းနောက် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲဒိုင်ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က နှစ်သိမ့်ဆုရ အသင်း (၃) သင်းအား လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီးတို့က ဂုဏ်ပြုဆုရအသင်း (၃)သင်းနှင့် အထူးဆုရအသင်း (၃) သင်းအား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းတို့က ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ အသင်း(၃)သင်းအား လည်းကောင်း  ဂုဏ်ပြုဆုငွေများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။