ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မြစ်ကြီးနား     မတ် ၅

          ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် နိုင်ငံတော်က ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲ အခမ်းနားကို မတ် ၅ ရက် (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့) နံနက်ပိုင်းက မြစ်ကြီးနားမြို့ အံတော်ရှင် တောင်တန်းသာသနာပြုဗဟို ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ဘွဲ့တံဆိပ်ရ ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

          နေ့ဆွမ်းဆက်ကပ်လှူဒါန်းရာသို့ ပြည်နယ်သံဃနာယကအကျိုးတော်ဆောင်၊ ဓမ္မရက္ခိတဝန်း သိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ဘွဲ့တံဆိပ်တော်ရ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

          ယင်းနောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲ အခမ်း အနားကို ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့တံဆိပ်တော်ရသံဃာတော်များနှင့် သီလရှင်ဆရာကြီးများ၊ လူဂ္ဂိုလ်များ ကြွရောက်တော်မှူကြပြီး တက်ရောက်လာကြသည့် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့ဇနီးများ၊ အလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး ပြည်နယ်သာသနာရေးမှူးက အခမ်းအနား ဖွင့်စာတမ်းကို ဖတ်ကြားကာ ငါးပါးသီလ ခံယူဆောင်ကြပြီး ဘွဲ့တံဆိပ်တော်ရဆရာတော်က သမ္မောဒ နီယဩဝါဒကထာ မြွက်ကြားကာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်ဝန်ကြီးချုပ်က မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ခံ ဆရာတော်များအားလည်းကောင်း၊ တိုင်းမှူးက ဂန္ထဝါစကပဏ္ဍိတဘွဲ့ခံ ဆရာတော်များအား လည်း ကောင်း၊ လူမှုရေးရာဝန်ကြီးက သဒ္ဓမ္မဇောတိကဓဇဘွဲ့ခံ ဆရာတော်များအား လည်းကောင်း၊ တိုင်းမှူး ၏ ဇနီး ဒေါ်ရွှေစင်ထွန်းက ဂန္တဝါစကပဏ္ဍိတဘွဲ့ခံ သီလရှင်ဆရာကြီးအားလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက သဒ္ဒမ္မဇောတိကဓဇဘွဲ့ခံ သီလရှင် ဆရာကြီးအားလည်းကောင်း၊ ဆက်လက်၍ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်များအား ပြည်နယ်ဝန်ကြီးချုပ်က သဒ္ဒမ္မဇောတိကဓဇဘွဲ့ခံ ဦးဒီးဒုတ်အားလည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက သုဓမ္ဓသိင်္ဂီဘွဲ့ခံ ဒေါ်သွဲ့လေးအောင်တို့အားလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များအား အသီးသီး ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ၍ တရားတော်များ နာယူ ခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

          ယင်းနောက် ဘုရားအမှူးပြုသော ပင့်သံဃာတော်များ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များနှင့် သီလရှင်ဆရာကြီးများ အပါအဝင် (၁၀၈)ပါးတို့အား အံတော်ရှင်စေတီတော်ပုရဝုဏ်အတွင်း၌ ပြည် နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီးအပါအဝင် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာများ၊ တပ်ရင်း တပ်ဖွဲ့များ၊ ဒေသခံအလှူရှင်များနှင့်အတူ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရှိရသည်။