မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပပြုလုပ်

 မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇန်နဝါရီ ၆

          ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီလ ၆ရက်နေ့ နံနက် ၉နာရီက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ရာ ပညာရေးစုံညီပွဲတော် မုခ်ဦးအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်ပညာရေးမှူးဦးကြည်စိန်၊ခရိုင်ပညာရေးမှူး ဦးရဲအောင်၊ မြို့နယ်ပညာရေးမှူး ဦးငွားတားနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမ ဒေါ်ကေဒီဆိုင်းပန် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

          ယင်းနောက် အဆိုပါကျောင်းရှိ အေးမြသီတာခန်းမ၌ ပညာရေးစုံညီပွဲတော် အခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ အခြေခံပညာအလယ်တန်း လေ့ကျင့်ရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်နယ်လူမှု‌ရေးရာ ဝန်ကြီးဦးဝင်းရဲထွန်းက ‘ဘက်စုံပညာပြည့်ဝသောနိုင်ငံသားကောင်းများ  ပြုစုပေးနိုင်တဲ့ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်/ဆရာမကြီးများ၏ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ဆရာ၊ဆရာမများအနေဖြင့် ထူးချွန်ထက်မြက်ပြီးလိမ္မာယဥ်ကျေးသော နိုင်ငံ၏လူ့စွမ်းအား အရင်းအမြစ်ဖြစ်တဲ့ ကျောင်းသား၊ကျောင်းသူများပေါ်ထွက်လာအောင် အကောင်အထည်ဖော်ဆောင် ရွက်ကြရန်နှင့် နိုင်ငံသားတစ်ဦးချင်းစီ၏ ဘဝအဆင့်မြင့်မားစေရန် အခွင့်အလမ်းများ ဖန်တီးပေးပြီး မိမိ မိသားစု၊ ရပ်ရွာဒေသအသိုက်အဝန်း၌ ပညာတတ်လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာ အကအလှများနှင့် အေရိုးဗစ်အကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများက ကမ္ဘာ့ခရီးသွား လုပ်ငန်းနှင့် The 30th Annual World Children’s Picture Contest  ပြိုင်ပွဲတွင်ဆုရရှိသူများ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ များက “ဘက်စုံပညာရည် ဒို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြကြောင်းသိရသည်။