မြစ်ကြီးနားမြို့ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူ သကျမာရဇိန် အံတော်ရှင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူခြင်း ဘက်စုံပြုပြင်မွမ်းမံမှု ပြီးစီးခြင်းနှင့်အတူ ရွှေထီးတော်တင်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

 မြစ်ကြီးနားမြို့ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူ သကျမာရဇိန် အံတော်ရှင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူခြင်း ဘက်စုံပြုပြင်မွမ်းမံမှု ပြီးစီးခြင်းနှင့်အတူ  ရွှေထီးတော်တင်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မြစ်ကြီးနား    မေ      ၁၄

          ကချင်ပြည်နယ်၊   မြစ်ကြီးနားမြို့ရှိ     ရှေးဟောင်းသမိုင်းဝင် အောင်တော်မူ    သကျမာရဇိန် အံတော်ရှင် စေတီတော်မြတ်ကြီး ရွှေသားရွှေစင် ကပ်လှူခြင်း၊ ဘက်စုံမွမ်းမံမှု လုပ်ငန်းများ   ပြီးစီး အောင်မြင်ခြင်း၊ အလှူရေစက်ချခြင်းနှင့်အတူ စေတီတော်မြတ်ကြီးအား ရွှေထီးတော် တင်လှူပူဇော် ပွဲ မဟာမင်္ဂလာအခမ်းအနားကို  ယနေ့  နံနက်  ၈ နာရီခွဲက  အဆိုပါ စေတီတော်မြတ်ကြီးတွင်  ကျင်းပ ပြုလုပ်သည်။

          ရှေးဦးစွာ စေတီတော်မြတ်ကြီးရှိ ဓမ္မာရုံတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊  ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး နှင့် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက  မြစ်ကြီးနားမြို့၊ ဝန်းသိုကျောင်းတိုက်မှ ပြည်နယ်သံဃာ့နာယက အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေတုမာလာ ထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ကြပြီး၊ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်သည်။

          ယင်းနောက်  စေတီတော်မြတ်ကြီး ရွှေသားရွှေစင် သင်္ကန်းကပ်လှူခြင်း၊ ဘက်စုံ မွမ်းမံရေး ဦးစီးကော်မတီ နာယက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် မြတ်သက်ဦးက သာသနာ တော်ဆိုင်ရာများ လျှောက်ထားပြီး၊ ဆရာတော်သံဃာတော်များအား  ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက  ရွှေထီးတော်၏ ဘုံအဆင့်ဆင့်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများကို  ဆက်ကပ်လှူဒါန်းသည်။

          ဆက်လက်၍ ရွှေထီးတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ဆပ်သွားဖူး၊ ဇွန်း(၄)ဘုံ၊ ညောင်ရွက်တော်ခေါင်းလောင်းတော်၊ ရွှေထီးတော်ဘုံဆင့်များကို ပင့်ဆောင့်ပြီး စေတီတော်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော်ကာ ရွှေထီးတော်တတိယဘုံအဆင့်မှစတင်၍ မင်္ဂလာရထား ပျံဖြင့် ပင့်ဆောင် တင်လှူပူဇော်ပေးသည်။

          အံတော်ရှင် စေတီတော်မြတ်ကြီးအား ရွှေသားရွှေစင် ကပ်လှူခြင်း၊ ဘက်စုံမွမ်းမံခြင်းနှင့် ရွှေထီးတော်တင်လှူပူဇော်ခြင်းတို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်၊ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးမှ အရာရှိ၊ အရာခံ ၊ အကြပ်၊ စစ်သည်  မိသားစုဝင်များမှ     လှူဒါန်းငွေကျပ် ၁၀၀၈၆၂၆၀၀ ၊  ကချင်ပြည်နယ် အစိုးရအဖွဲ့ နှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ လှူဒါန်းငွေကျပ်  ၄၀၁၇၆၅၀၀၊   မြို့ပေါ် ရပ်ကွက်များနှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင်များက လှူဒါန်းငွေကျပ် ၂၂၃၃၆၈၅၅၀ ၊ စုစုပေါင်းငွေကျပ် ၃၆၄၄၀၇၆၅၀ ဖြင့်   ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေလ ၁၆ရက်နေ့တွင်  ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် ဆရာတော်၊ သံဃာတော်၊ သီလရှင် အပါး(၂၇၀) ကျော်အား သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဆက်လက်ကျင်းပမည်ဖြစ်သည်။

          အဆိုပါ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူ    သကျမာရဇိန် အံတော်ရှင် စေတီတော်မြတ် ကြီးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင်လာသည့်  ဗုဒ္ဓအံတော်မြတ်ကို ဌာပနာမှုအကြောင်း ပြု၍  ၁၉၅၆ ခုနှစ်တွင် စတင်တည်ထားကိုးကွယ်ခဲ့ပြီး၊  ခေတ်အဆက်ဆက် ဆရာတော်ကြီးများ၊ အုပ်ချုပ်သူ မင်းအစိုးရများ၊ စေတနာရှင်ပြည်သူများက ပြုပြင်ထိန်းသိမ်းခဲ့ကာ  ဩဝါဒစရိယဆရာ တော်ကြီးများထံ ဩဝါဒခံယူကာ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။