ဧရာဝတီမြစ်ကူးတံတားအမှတ်(၂)စီမံကိန်းဧရိယာအတွင်းပါဝင်သည့်မြေယာ/အဆောက်အဦ/သီးနှံများ အတွက် လျော်ကြေးငွေပေးအပ်ခြင်းနှင့် နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ

 ဧရာဝတီမြစ်ကူးတံတားအမှတ်(၂)စီမံကိန်းဧရိယာအတွင်းပါဝင်သည့်မြေယာ/အဆောက်အဦ/သီးနှံများ အတွက် လျော်ကြေးငွေပေးအပ်ခြင်းနှင့် နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ

မြစ်ကြီးနား     မေ ၂၁

          ကချင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဧရာဝတီမြစ်ကူး တံတားအမှတ်(၂)ကို တည်ဆောက်သွားမည်ဖြစ်ရာ အဆိုပါတံတားအမှတ်(၂)စီမံကိန်းဧရိယာအတွင်း တံတား အူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာ၊ အဆောက်အဦ/ သီးနှံများအတွက် ပိုင်ရှင်များထံ လျော်ကြေး ငွေပေးအပ်ခြင်းနှင့် နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို မေ ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲ တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မေခခန်းမ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့တစ်ဦးချင်းစီ သည် ကချင်ပြည်နယ်သူပြည်နယ်သားများဖြစ်ကြပြီး ပြည်နယ်၏အကျိုး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်သိစိတ်ဖြင့် ယခုလို လက်တွဲဆောင်ရွက်ကြသည့်အတွက် ပြည်နယ်သူ/ပြည်နယ်သား များအားလုံးကိုယ်စားကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ မိမိတို့၏ မြေယာ၊ အဆောက်အအုံအတွက် စိတ်မ ကောင်းဖြစ်မိကြမည်ဖြစ်သော်လည်း ပြည်နယ်အကျိုး၊ အများအကျိုးအတွက် သဘောထားပြည့်ဝစွာ ဖြင့် ပံ့ပိုးကူညီခြင်းသည် မင်္ဂလာအမှုကို ပြုလုပ်ခြင်းဖြစ်ပြီး ကောင်းချီးမင်္ဂလာကို ခံစားရမည်ဖြစ်ပါ ကြောင်းနှင့် ဧရာဝတီမြစ်ကူးတံတားအမှတ် (၂)သည် ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါ သည့် စီမံကိန်းဖြစ်ပါကြောင်း၊ ယနေ့တက်ရောက်လာကြသူများအားလုံးကို ကျေးဇူးတင်ကြောင်းကို ထပ်လောင်း ပြောကြားလိုပါကြောင်း အားပေးပြောကြားသည်။

          ယင်းနောက် မြစ်ကြီးနားခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက တံတားတည်ဆောက် ရေးစီမံကိန်းတွင် တံတားအူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာ/အဆောက်အအုံ/ သီးနှံလျော်ကြေး ပေးသွားမည့်အစီအစဉ်များနှင့် ပတ်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအမံဖြင့် ယနေ့ ပထမ အရစ်လျော်ကြေးငွေပေးအပ်သွားခြင်းဖြစ်ကြောင်းနှင့် ဒုတိယအရစ်အဖြစ် လာမည့်စက်တင်ဘာ လတွင် ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပြီး ခရိုင်စီမံခန့်ခွဲ‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြေယာ ပိုင်ရှင်များက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ရှေ့မှောက်၌ လျော်ကြေးငွေပေးအပ်ခြင်းအ တွက် နှစ်ဖက်သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးကြကာ စာချုပ်ကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ကြသည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်တို့က ဧရာဝတီမြစ်ကူးတံတားအမှတ် (၂)စီမံကိန်းတွင် တံတား အူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာပိုင်ရှင်(၈)ဦးတို့ ပိုင်ဆိုင်သည့် မြေဧရီယာစုစုပေါင်း (၀.၆၈၁) ဧက အတွက် လျော်ကြေးငွေကျပ်သိန်း (၅၅၀၀)၊ အဆောက်အဦး (၃)လုံးအတွက် လျော်ကြေးငွေကျပ် (၁၄၇)သိန်း၊ရေတွင်း(၁)တွင်းအတွက်လျော်ကြေးငွေကျပ်(၄၃)သိန်းနှင့် သီးနှံလျော်ကြေးအဖြစ် ငွေကျပ် (၅၇၅၀၀၀)တို့အတွက် စုစုပေါင်းလျော်ကြေးငွေကျပ် (၅၆၉၅၇၅၀၀၀)ရှိသည့်အနက်မှ ပထမအရစ် လျော်ကြေးအဖြစ် ငွေကျပ် (၂၈၃၇၈၈၀၀၀)ကို တစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှုတန်ဖိုးအတိုင်း အသီးသီးပေး အပ်ခဲ့ကြသည်။

          အဆိုပါ ဧရာဝတီမြစ်ကူးတံတားအမှတ် (၂)စီမံကိန်းကို လက်ရှိအသုံးပြုနေသည့် ဗလမင်းထင် တံတား၏ အောက်ဖက်မီတာ(၄၀)အကွာတွင် တည်ဆောက်သွားမည်ဖြစ်ပြီး တံတားအရှည်(၃၂၁၂) ပေ (၉၇၉မီတာ)အရှည်၊ အကျယ်ယာဉ်သွားလမ်း(၂၄)ပေ၊ လူသွားလမ်းတစ်ဖက်လျှင် (၃)ပေစီပါရှိကာ သံကူ ကွန်ကရစ်ရေလည်တိုင်နှင့် ကမ်းကပ်ခုံ၊ Steel Truss ၊ Steel Box Girder and RCC Slab အမျိုးအစား ဖြစ်ကြောင်းနှင့် တံတားစီမံကိန်းအတွက် ကနဦး အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကာ အဆိုပါ တံတားသစ်တည်ဆောက်ပြီးစီးပါက လက်ရှိအသုံးပြုလျက်ရှိသော ဗလမင်းထင်တံတားနှင့် အသွား/အပြန်လမ်း (၄)လမ်းသွားအဖြစ် ဧရာဝတီမြစ်ကို ဖြတ်ကူးနိုင်တော့ မည်ဖြစ်ကြောင်း တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ သိရှိရသည်။