မြစ်ကြီးနား နိုဝင်ဘာ ၁၀
ကချင်ပြည်နယ်အတွင်း ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ အခွန်အကောက်လျာထားချက်များ ပြည့်မီစွာ ကောက်ခံရရှိရေးအတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
ထို့သို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အကောက်များကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အခွန်၊ အကောက်များ ပြည့်မီအောင် ကောက်ခံရရရှိနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် စိစစ်ကြပ်မတ်ဆောင်ရွက် သွားကြရန်နှင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးဖြစ်ထွန်းစေရေး အဂတိတရားကင်းရှင်းစွာဖြင့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက အခွန်အကောက်ဆိုင်ရာ ဥပဒေလုပ်ထုံး လုပ်နည်းများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင် သော ဌာနဆိုင်ရာများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အခွန်အရပ်ရပ်ဆိုင်ရာများ ကောက်ခံ ရရှိမှုအခြေအနေနှင့် ရာနှုန်းပြည့်ကောက်ခံရရှိရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်း လင်းတင်ပြကြသည်။ ယင်းနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဌာန၊ အဖွဲ့အစည်းများ အလိုက် အခွန်အကောက် လျာထားချက်ပြည့်မီအောင် ကောက်ခံရရှိမှုများနှင့် စပ်လျဉ်း၍ စိစစ်ကြပ် မတ်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ဖြည့်စွက်သုံးသပ်ရှင်းလင်းတင်ပြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း အခွန်အကောက်များ လျာထားချက် ရာနှုန်းပြည့် ပြည့်မီအောင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် အဆိုပါ အစည်းအဝေးခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အားကစားနည်းအလိုက်ဆပ်ကော် မတီတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲ များတွင် မိမိတို့ ကချင်ပြည်နယ်မှ အားကစားနည်းအလိုက် စနစ်တကျစုဖွဲ့၍ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေး ဆပ်ကော်မတီအသီးသီးအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ယနေ့ အစည်း အဝေးတွင် တာဝန်ရှိသူများအနေဖြင့် ယှဉ်ပြိုင်သွားမည့် အားကစားနည်းအလိုက် လိုအပ်သည်များကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေး စီမံဆောင်ရွက်သွားမည့် အစီအမံများ၊ စုဖွဲ့ဆောင်ရွက်သွားရမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ က နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် (အလွတ်တန်း) ဖိတ်ခေါ် ဘောလီဘော(ကျား/မ)ပြိုင်ပွဲ၊ U-18 အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ အမျိုးသားဂေါက်သီးရိုက်ပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ မြန်မာ့သိုင်း(ကျား၊ မ)ပြိုင်ပွဲနှင့် အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ် (ကျား/မ) အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားနိုင်ရေး ကြိုတင်ပြင်ဆင်စုဖွဲ့ ဆောင်ရွက် ထားရှိမှုများ၊ ရန်ပုံငွေလိုအပ်ချက်များနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက် အခဲများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။