ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး မြစ်ကြီးနားမြို့ပေါ်ရှိ MSMEs လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး  မြစ်ကြီးနားမြို့ပေါ်ရှိ MSMEs  လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မတ် ၁၇

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ပြည်နယ်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဒေသတွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြှင့်မားလာ စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၁၆ ရက် ညနေ ၃ နာရီ က မြစ်ကြီးနားမြို့တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီနားမြို့ စက်မှုဇုန်ရပ်ကွက်ရှိ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်း၌ ပြည်နယ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် နှစ်ဖက်ချော စက္ကူထုတ်လုပ်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ပေးမှုဖြင့် စက္ကူထုတ်စက်တပ်ဆင် ဆောင်ရွက်နေမှုအခြေအနေများ၊ စွန့်ပစ်ပစ္စည်းကုန်ကြမ်းများဖြင့် ဆောင်ရွက်သွားမည့် အခြေအနေ များကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က နှစ်ဖက်ချောစက္ကူ ထုတ်လုပ်နိုင်ပါက ပြည်နယ်အတွင်း လိုအပ်ချက်ကြီးမားသည့် ကျောင်းသုံး/ ရုံးသုံးစာအုပ်များကို ထုတ်လုပ်ဖြန့်ဖြူး နိုင်ရေး  လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          ထို့နောက် အဆိုပါရပ်ကွက်အတွင်း Seven Star ရောင်စုံသွပ်အမိုးပြားစက်ရုံ၌ အိမ်မိုးသွပ်ပြား များ ထုတ်လုပ်နေမှုအခြေအနေ၊ ဈေးကွက်ရရှိမှု၊ ထုတ်လုပ်နိုင်မှုအခြေအနေနှင့်ရန်ပုံငွေလိုအပ်ချက် အပေါ် ရင်းနှီးမတည်ပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က စက်ရုံတာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။           ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရမ်ပူရပ်ကွက်အတွင်းရှိ ဂျိမ်းဖော့သူ ရိုးရာကချင်ပုဆိုးနှင့်လုံချည်ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ပိုင်ရှင်ဦးထွန်းနိုင်၏ နေအိမ် ၌ ရိုးရာအဝတ်အထည်များအား လက်ရက်ကန်း၊ စက်ရက်ကန်းများဖြင့် ရက်လုပ်နေမှုအခြေအနေများ ကို ရက်ကန်းရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ချည်မျှင်ကုန်ကြမ်းရရှိမှုအခြေအနေများ၊ စက်ရက်ကန်းဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အား ရရှိမှုအခြေအနေများနှင့် ဈေးကွက်တင်ပို့နိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ စီးပွားမြှင့်တင် ရေးအတွက် ဒေသတွင်း ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး MSME လုပ်ငန်းရှင်များ အနေဖြင့် ဌာနဆိုင်ရာများကို ချိတ်ဆက်၍ နည်းပညာနှင့် ရန်ပုံငွေလိုအပ်ချက်များ ပံ့ပိုးကူညီပေး နိုင်သည့် အခြေအနေတို့အား ပေါင်းစပ်ညှိနှိုင်း၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။