ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး၊ အင်ဂျန်းယန်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာ/ ဆရာမ များအား  ဂုဏ်ပြုပွဲနှင့် အင်္ဂလိပ်စာအခြေခံ(Grammar & Speaking) သင်တန်းဖွင့်ပွဲများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး၊ အင်ဂျန်းယန်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာ/ ဆရာမ များအား  ဂုဏ်ပြုပွဲနှင့် အင်္ဂလိပ်စာအခြေခံ(Grammar & Speaking) သင်တန်းဖွင့်ပွဲများသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၅

          ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မတ် ၅ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာ စကားပြောကြားသည်။

          ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားတွင် မိမိတို့နိုင်ငံ၊ မိမိတို့ပြည်နယ်၊ မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ကိုင်ဆောင်ရွက်နေသူများအားလုံးကို မိမိတို့အနေဖြင့် အားပေးကူညီဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း၊ လွယ်ဂျယ်ဒေသသည် နယ်စပ်ကုန်သွယ်ရေးဒေသဖြစ်သည်နှင့်အညီ အခြေခံ အဆောက်အအုံများနှင့် ပြည့်စုံကောင်းမွန်နေရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ကော်မတီအဖွဲ့ ဝင်များအနေဖြင့် လွယ်ဂျယ်မြို့တွင် ယာဉ်ရပ်နားဝင်းတည်ဆောက်သွားမည့် လုပ်ငန်းများအား ဥပဒေ လုပ်ထုံးလုပ်နည်း၊အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆွေးနွေးအတည်ပြုသွားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် Mingalar Lwegel Development Co.,Ltd. မှ မန်နေဂျင်းဒါရိုက်တာက လွယ်ဂျယ် မြို့တွင် ယာဉ်ရပ်နားဝင်း တည်ဆောက်၍ ဝန်ဆောင်မှုပေးသွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းတင်းတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များ၊ ဖြည့် စွက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို သုံးသပ်ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် ချက်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။

           ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ အင်ဂျန်းယန်မြို့၌ သင်ကြားရေးတာဝန်များကို ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာ၊ ဆရာမများအား ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ တွေ့ဆုံဂုဏ်ပြုသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အင်ဂျန်းယန်မြို့နယ်အတွင်း အခက်အခဲနှင့်စိုးရိမ်မှု များရှိကြသော်လည်း သင်ကြားရေးလုပ်ငန်းများကို တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးခဲ့ကြပြီး ဒေသတွင်းရှိ ကျောင်းသားကလေးများအတွက် စာမေးပွဲများကို ကောင်းမွန်စွာပြုလုပ်ပေးခဲ့ကြသည့် အတွက် ဒေသခံများကိုယ်စား အထူးဂုဏ်ယူဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုပြောကြား သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်ပညာရေးမှူးဒေါ်မီမီချစ်လှိုင်နှင့် ဆရာ၊ ဆရာမများ အတွက် ထောက်ပံ့ငွေကျပ် (၁၄)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီး ဦးချစ်လှိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          ယင်းနောက် မွန်းလွဲပိုင်း အဆိုပါခန်းမ၌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များအား လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် ဖွင့်လှစ်ပေးသည့် အင်္ဂလိပ် စာအခြေခံ (Grammar & Speaking) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

          သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော် ၏ အုပ်ချုပ်ရေးယန္တရားအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန် အဓိက တာဝန်ယူဆောင်ရွက်ရ သည့်ဌာနတစ်ခုဖြစ်သည့်အတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်၊ ကိုယ်ရည်ကိုယ်သွေး များ တိုးတက်လာစေရန်၊ တစ်ဦးချင်းစီ၏ စွမ်းဆောင်နိုင်မှုနှင့် အသုံးဝင်မှုဂုဏ်ရည်မြင့်မားလာစေရန်၊ တစ်ဦးချင်းစီမှ တစ်ဆင့် အစုအဖွဲ့၏ စည်းလုံးမှုနှင့် ရည်မှန်းချက်၊ ပန်းတိုင်များကို ဖော်ဆောင်စေရန် လေ့ကျင့်ပျိုးထောင်ပေးသည့် လုပ်ငန်းစဉ်သည် နိုင်ငံတော်အတွက် အရေးပါသည့် လုပ်ငန်းတစ်ရပ် ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းခွင်အတွက် အထောက်အကူပြုနိုင်ရန် နိုင်ငံတကာအသုံးပြုမှု အများဆုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာလေ့ကျင့်သင်ကြားပေးခြင်းကို ကြိုးစားသင်ယူကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အင်္ဂလိပ်စာသင်တန်းနည်းပြ ဆရာဦးမွန်ဆိုင်းနော်အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး သင်တန်းနည်းပြက နှုတ်ခွန်းဆက်စကားနှင့် သင်တန်းဖွင့် လှစ်သင်ကြားသွားမည့် အချက်အလက်များ၊ ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြခဲ့ သည်။

          အဆိုပါ သင်တန်းကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း (၃၀)  ဦးတို့ တက်ရောက်ကြမည်ဖြစ်ပြီး ၅.၂.၂၀၂၄ ရက်နေ့မှ ၂၈.၂.၂၀၂၄ ရက်နေ့အထိ (၁၈) ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။