မြစ်ကြီးနား ဒီဇင်ဘာ ၁၁
ကချင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်များအပါအဝင် စက်သုံးဆီဈေးနှုန်းများ တည် ငြိမ်ရေးအတွက် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အနေဖြင့် ဒေသတွင်းဆန်ရိက္ခာ ဖူလုံသော် လည်း စားဆီဖူလုံရေး၊ သား၊ ငါး မွေးမြူထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အများပြည်သူ နေ့စဉ်ပုံမှန် သုံးစွဲလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများနှင့် စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်ရေး၊ သာမန်ထက်မြင့် တက်လာမှုမရှိစေရေး ယနေ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေး အစည်းအဝေး ဆွေးနွေးမှုများအပေါ် လက်တွေ့အကောင်အထည်ဖော်ရေး အလေးအနက် ကြိုးစားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာ ကြားသည်။
ထို့နောက် လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီး မှူး ဦးကိုကိုဦးက ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေများ၊ နေ့စဉ်ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် စသည့် အခြေခံစားသောက်ကုန်များ၊ သား/ ငါးဈေးနှုန်းများအပါအဝင် စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်မှု၊ အတက်/အကျရှိနေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကုန်ဈေးနှုန်း မြင့်တက်မှုအပေါ် ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည့် အစီအမံများ၊ ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြန်လည်လျော့ကျရေးအတွက် လုပ်ဆောင်သွားမည့် အစီအမံများကို အသီး သီးရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သုံးသပ်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
တင်ပြချက်ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဒေသတွင်း စိုက်ပျိုးမွေးမြူထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး အားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရေး လုပ်ငန်းကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့်အတူ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရုံးဝင်း အတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းဝန်ထမ်းများအတွက် ဝန်ထမ်းသက်သာဆိုင်ဖွင့်လှစ်၍ ချိုသာသော ဈေးနှုန်းဖြင့် စားသုံးဆီတစ်ဦးလျှင် ၃ ပိဿာနှုန်းဖြင့် ရောင်းချနေမှုအပေါ် ဝန်ထမ်းများ စနစ်တကျ ဝယ်ယူ/ ရောင်းချပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်ရှိ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်၌ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့် မြို့နယ် ဗုဒ္ဓဘာသာသာသနာရေးရာအဖွဲ့က ကြီးမှူးကျင်းပသည့် (၂၉) ကြိမ်မြောက် အခြေခံပညာကျောင်း ပေါင်းစုံ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ် ဆုချီးခြင်း အခမ်းအနားသို့ တက် ရောက်သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မျိုးဆက်သစ် လူငယ်၊ လူရွယ်များအား ဗလငါးတန်ဖြင့် ပြည့်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူ့ဘောင်အဖွဲ့အစည်း ရေရှည်တည် တံ့ကောင်းမွန်စေရေး စာရိတ္တဗလခေါ် ကိုယ်ကျင့်တရားကောင်းမွန်ပြီး စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်မှုရှိရန် လိုအပ်ပါကြောင်း၊ ထိုသို့ စာရိတ္တဗလအားကောင်းသော လူငယ်များ ပေါ်ပေါက်ရှင်သန်ရေးအတွက် သက်ဆိုင်ရာဘာသာတရားများ၏ သွန်သင်ဆုံးမမှုသည် လွန်စွာ အရေးပါသည့် ကဏ္ဍတစ်ရပ်ပင်ဖြစ် ပါကြောင်း၊ ယနေ့ ဗုဒ္ဓဘာသာ၏ သွန်သင်ဆုံးမမှုနှင့်အညီ ဘာသာရေးအနှစ်သာရအပြင် အနာဂတ် မျိုးဆက်သစ်နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာလေးများ ပေါ်ထွန်းရေး မြေတောင်မြှောက်ပေး ခြင်းဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ ထိုအစဉ်အလာကောင်းများကို ထိန်း သိမ်းနိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် မြို့နယ်ဗုဒ္ဓဘာသာသာသနာရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးဝင်းက (၂၉)ကြိမ်မြောက် တိုင်အောင် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့မှု အခြေအနေများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအတွက် အလှူငွေကျပ်သိန်း ၃၀ ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက အလှူငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက်တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပြိုင်ပွဲဝင်ကြသည့် အခြေခံပညာ ထက်/ လယ်/ မူကျောင်းပေါင်း (၁၈)ကျောင်းမှ ပြိုင်ပွဲဝင်အသင်းပေါင်း (၇၁)သင်းထဲမှ ပြိုင်ပွဲဝင်အသင်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရ အသင်းများအား လည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။