ကချင်ပြည်နယ်ဝန်ကြီးချုပ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်စာကြည့်တိုက် ဖွင့်ပွဲနှင့် ကချင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ(KRSC)၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မြစ်ကြီးနား     ဒီဇင်ဘာ ၁၄

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် ကျောင်းသား/ ကျောင်းသူဟောင်းများက စုပေါင်း၍ ငွေကျပ်သိန်း (၇၀၀) ခန့်အကုန်အကျခံ ဆောက်လုပ်လှူဒါန်းသော အလျား (၃၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၈)ပေရှိ ရာပြည့်စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက အဆိုပါ ကျောင်း ဝင်းအတွင်းရှိ စာကြည့်တိုက်အဆောက်အအုံသစ်ရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ စာကြည့်တိုက်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကျောင်းသားဟောင်းတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက်အတွက် ငွေကျပ် ၁၀ သိန်းကို ပေးအပ်ချီးမြှင့်သည်။ ထို့နောက် စာကြည့်တိုက်အဆောက်အအုံသစ်အတွင်း စာကြည့်တိုက် အင်္ဂါရပ်နှင့်အညီ ပြင်ဆင် ဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် ကျောင်းသား/ ကျောင်းသူလေးများ၏ စာဖတ်ဝိုင်း ကျင်းပပြုလုပ် နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ ကျောင်းသူလေး များအား ဖတ်ရှုလေ့လာထားသည့် စာအုပ်စာပေများအပေါ် ဖတ်၊ မှတ်၊ ပြောစွမ်းရည်အား မေးမြန်း အားပေးကာ ဆုငွေများကို ဂုဏ်ပြုချီးမြှင့်သည်။

          ထို့နောက် စာကြည့်တိုက် အဆောက်အအုံသစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အေးမြ သီတာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသည် ၁၉၂၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ကာ ၂၀၂၃ ခုနှစ်တွင် နှစ် (၁၀၀) ပြည့် ရာပြည့်အခမ်းအနားကို ကျောင်းသား/ကျောင်းသူဟောင်းများက စုပေါင်း၍ ဆောင်ရွက်ခဲ့ပြီးဖြစ်သည့် အပြင် ကျောင်းစာသင်ခန်းများနှင့် တွဲဖက်၍ ဖွင့်လှစ်ထားသည့် စာကြည့်တိုက်ကို သီးခြားအဆောက် အအုံဖြင့် ကျေးဇူးဆပ်၊ ကျေးဇူးတုန့်ပြန်လှူဒါန်းပေးကြသည့်အတွက် အလွန်ပင်ကြည်နူးဝမ်း‌မြောက် ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ဆက်လက်၍ ကျောင်းသားဟောင်းများက ဆောက်လုပ်လှူဒါန်းပေးခဲ့ကြသော ရာပြည့် စာကြည့်တိုက်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး ကျောင်းသားဟောင်းတစ်ဦးက စာကြည့်တိုက်ဆောက်လုပ်လှူဒါန်းရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြကာ စာကြည့်တိုက် အဆောက်အဦဖြစ်မြောက်ရေးအတွက် အလှူငွေများ ထည့်ဝင်ပေးအပ်လှူဒါန်းခဲ့ကြသော အလှူရှင် များအား ကျေးဇူတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ချီးမြှင့်ရာ ကျောင်းအုပ်ဆရာမက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပြည်နယ်ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (KRSC) အဖွဲ့ဝင်များနှင့် ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် စပ်လျဉ်း၍ အသိ ပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် မိမိတို့ အနေဖြင့် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သိရှိနားလည်လိုက်နာပြီး ယာဉ်တိုက်မှု ဖြစ်စဉ်များ လျော့ချနိုင်ရေးကို အလေးအနက်ထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လအလိုက်လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ လိုအပ်သည်များကိုလည်းကောင်း ပွင့်ပွင့်လင်းလင်းဖြင့် ဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ကောင်စီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ပညာပေးရေးလုပ်ငန်းများနှင့် စစ်ဆေးအရေးယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် အတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များက စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်း၍ ပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။