ကချင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဖြေဆိုကြသော ကျောင်းသား/ကျောင်းသူများအား အာဟာရများကျွေးမွေး၊ ဧရာဝတီမြစ်ကြောင်း ရှင်းလင်းရေးအတွက် သောင်တူးခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး၊ နောင်ချိန်းကျေးရွာအတွင်းရှိ ယာယီတိမ်းရှောင်မိသားစုများအတွက် ဆန်နှင့်ကြက်ဥများပေးအပ်

မြစ်ကြီးနား မတ် ၂၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ် ၁၇ ရက်နေ့မှစတင်ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အတွင်း၌လည်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနပေါင်း (၂၂)ခုဖွင့်လှစ်၍ အေးချမ်းစွာကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် မတ် ၂၂ ရက် မွန်းလွဲပိုင်းက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန၌ စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ ကျောင်းသူများအား အာဟာရများကျွေးမွေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာသင်ဆောင်များအတွင်း စာမေးပွဲနောက်ဆုံးဘာသာရပ်ဖြစ်သော ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များ အေးချမ်းစွာဖြေဆိုနေကြသော ကျောင်းသား/ ကျောင်းသူများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကြီးကြပ်ရေးဆရာ၊ ဆရာများအား အားပေးနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်မိခင်နှင့်ကလေးကြီး ကြပ်မှုစောင့်ရှောက်ရေးအသင်းဝင်များက စာမေးပွဲဖြေဆိုပြီး ပြန်လည်ထွက်ခွာလာခဲ့သော ကျောင်းသား/ ကျောင်းသူများအား အာဟာရအဖြစ် မုန့်နှင့် အချိုရည်ဘူးများကို ဝေငှကျွေးမွေးခဲ့ကြသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ညနေပိုင်းတွင် မြစ်ကြီးနားမြို့အား ရေကြီးရေလျှံမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဧရာဝတီမြစ်ရေကြောင်းရှင်းလင်းရေး စီမံကိန်းလုပ်ငန်းအတွက် ဗလမင်းထင်တံတား အမှတ်(၂)စီမံကိန်း ရှင်းလင်းဆောင်သို့သွားရောက်ပြီး ဧရာဝတီမြစ်ကြောင်း ရှင်းလင်းရေးအတွက် ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က ဧရာဝတီမြစ်ကြောင်း ဖွံ့ဖြိုးရေးအတွက် ဗလမင်းထင်အောက်ဘက်ရှိ သဲသောင် ခုံအား တူးဖော်ဖယ်ရှားရှင်းလင်းနိုင်ရေး လုပ်ငန်းအတွက် သဲကျောက်လုပ်ငန်းရှင်များ ဖိတ်ခေါ်၍ ဆောင်ရွက်ရမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ မိုးမကျမီရှင်းလင်းနိုင်သည့်အနေအထားနှင့် မြစ်ရေမြင့်တက်လာပါက ရှင်းလင်းဆောင်ရွက်သွားရမည့် အတိုင်းအတာပဏာမတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သဲသောင်တူးဖော်ရှင်းလင်းရေးလုပ်ငန်းကို သတ်မှတ်ညွှန်ကြားချက်နှင့်အညီ အမြန်ဆုံးလုပ်ငန်းစတင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗလမင်းထင်တံတားအနီး ဖြစ်ထွန်းလျက်ရှိသော သဲသောင်ခုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သဲသောင်ခုံရှင်းလင်းနိုင်ရေး ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ခွင့်ပြုခဲ့သည့် အရှည် ၆၀၀၀ ပေ၊ အကျယ် ၇၅ ပေနှင့် အနက် ရေစစ်မျဉ်းအောက် ၂ မီတာအား မူလလျာထားသည့် အရှည် ၆၀၀၀ ပေ၊ အကျယ် ၂၄၀ ပေနှင့် အနက် ရေစစ်မျဉ်းအောက် ၂ မီတာအထိတူးဖော်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် သဲကျောက် တူးဖော်သည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ မြစ်ရေမြင့်တက်လာခြင်းမရှိမီ အမြန်ဆုံးတူးဖော်ရှင်းလင်းနိုင်ရေး တူးဖော်ရမည့် နေရာများ လျာထားသတ်မှတ်၍ စည်းကမ်းချက်များ ထုတ်ပြန်ကာစနစ်တကျဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မွန်းလွဲပိုင်းကလည်း ဝိုင်းမော်မြို့ နောင်းချိန်းကျေးရွာ နောင်းချိန်းနှစ်ခြင်း ခရစ်ယာန်အသင်းတော်ဘုရားကျောင်း၌ ကျေးရွာအုပ်စုအတွင်းရှိ ယာယီတိမ်းရှောင်စခန်းများမှ အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား မိုးမကျမီ လုံခြုံစွာနေထိုင်နိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေး ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စခန်းအသီးသီးမှ အိမ်ထောင်စု(၂၁၉၁)စုတို့အတွက် ဆန်အိတ် (၄၀)အိတ်၊ ကြက်ဥ (၂၁၉၁၀)လုံးကို အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် စခန်းအသီးသီးမှ တာဝန်ရှိသူများက အမိုးအကာဆောင်ရွက်ပေးနိုင်ရေး၊ သောက်သုံးရေလိုအပ်ချက်များနှင့် လျှပ်စစ်မီးလင်းရေး ဆိုင်ရာကိစ္စရပ်များကို တင်ပြကြရာ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်ချက်များကို ဝယ်ယူဆောင်ရွက်နိုင်ရေး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။