ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ် (၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ကြီးချုပ်ဖလား အမျိုးသား(၃)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပဖွင့်လှစ်၊ မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းမြဧရာပန်းခြံအား အဆင့်မြှင့်တင်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား မတ် ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှစ် (၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ယနေ့ နံနက် ၉ နာရီက ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ငြိမ်းချမ်းသာ ယာအားကစားရပ်ဝန်းအတွင်းရှိ ပိုက်ကျော်ခြင်းအားကစားရုံ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ပိုက်ကျော်ခြင်းဖွင့်ပွဲ အခမ်းအနားတွင် ဘင်ခရာအဖွဲ့များနှင့် ပိုက်ကျော်ခြင်းကလပ် အသင်းပေါင်း ၁၆ သင်းတို့မှ အုပ်ချုပ်သူများနှင့် အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အားကစားကဏ္ဍကို ပိုမိုအလေးထားအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားပြိုင်ပွဲများမှတစ်ဆင့် ကချင်ပြည်နယ်၏ အနာဂတ်ကို အကောင်းဆုံးပုံဖော်ထုဆစ်ပေးနိုင်မည့် အားကစားသမားကောင်း၊ လူငယ်လူရွယ်များပေါ်ထွက်လာအောင် ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး လမ်းညွှန်ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း ပြည်နယ်အတွက် တန်ဖိုးရှိသောစွမ်းရည်ထက်မြက်သော အားကစားသမားလူရည် ချွန်များပေါ်ထွက်လားရေး မိမိတို့အားလုံးက အားကစားကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက်ပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းအသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး နွေရာသီပိုက်ကျော်ခြင်းအခြေခံအားကစားသင်တန်းမှ လူငယ်များက ပိုက်ကျော်ခြင်းအားကစားနည်း အခြေခံလေ့ကျင့်ကစားခြင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌထံမှ ပေးပို့လာသည့် ငွေကျပ်သိန်း ၆၀ ကို ဥက္ကဋ္ဌကိုယ်စား နောင်ရိုး Technical Co.; Ltd မှ တာဝန်ရှိသူက ပေးအပ်မှုကို လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ကို လည်းကောင်း၊ ဘင်ခရာအဖွဲ့နှင့် သရုပ်ပြအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ကာ အဖွင့်ပွဲစဉ်အဖြစ် အံတော်ရှင်ကလပ်(လူငယ်)အသင်းနှင့် အံတော်ရှင်ကလပ်(ခ)အသင်း တို့၏ (၃) ယောက်တွဲ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြစ်ကြီးနားမြို့ရှိ စိမ်းမြဧရာပန်းခြံနှင့် ကလေးကစားကွင်းအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပန်းခြံအဆင့်မြှင့်တင်မည့် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့အား ပြည်နယ်၏ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာပြီး စိမ်းလန်းစိုပြည်စေရေး၊ ပန်းမြို့တော်အဖြစ် ပန်းများဖြင့် ဝေဆာပွင့်ဖူးနေစေရေး၊ အခြေခံအဆောက်အအုံများ ခေတ်မီသစ်လွင်စေရေး မိမိတို့အနေဖြင့် ပုံမှန်လုပ်ကိုင် ဆောင်ရွက်နေခြင်းထက် နှစ်ဆ၊ သုံးဆ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့မြို့ပြတွင် တည်ရှိသည့် စည်ပင်သာယာရေးအဖွဲ့ပိုင် စိမ်းမြဧရာပန်းခြံအား အများပြည်သူလွတ်လပ် ပျော်ရွှင်စွာဖြင့် အပန်းဖြေအနားယူနိုင်ရေး ပိုမိုသစ်လွင်လှပသည့် နေရာဖြစ်လာစေရေး ရှင်းလင်းတင် ပြမှုအပေါ် အကြံပြုဆွေးနွေးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း မှာကြားသည်။

ထို့နောက် Hai War စားသောက်ဆိုင်ပိုင်ရှင် ဦးတွမ်ပီချင်းက စိမ်းမြဧရာပန်းခြံ ဧရိယာအတွင်း ရှိပြီးသားအဆောက်အအုံများနှင့်အလှပန်းခြံများတွင် ခေတ်စနစ်နှင့်လျော်ညီသည့် အဆင့်မြှင့်ခေတ်မီ ပစ္စည်းများဖြင့် အစားထိုးပြင်ဆင် ဆောင်ရွက်သွားမည့် ပုံစံမူကြမ်းများ၊ စာကြည့်တိုက်၊ ပန်းခြံ၊ ကျန်းမာရေးသုံးအားကစားပစ္စည်းများ၊ စားသောက်ဆိုင်တန်းများ၊ ကလေးကစားကွင်းများ၊ အရုပ်ဆိုင် များ၊ ကော်ဖီဆိုင်တို့ဖြင့် လူကြီး/လူငယ်မှ ကလေးငယ်များအထိ အေးချမ်းစွာအနားယူနိုင်ရေး အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် အစီအစဉ်မျာကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက အကြံပြုသုံးသပ်ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပန်းခြံအဆင့်မြှင့်တင်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၃/၂၀၂၅) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကော်မတီအဖွဲ့ဝင်များအနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဖော်ထုတ်လုပ်ကိုင်ခွင့်အတွက် အဓိကအားဖြင့် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လုပ်ပိုင်ခွင့်တင်ပြလာမှုများကိုလည်း အသေးစိတ်စိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အလေးထားဆွေးနွေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ကော်မတီအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးကျော်သူရက အစည်း အဝေးတွင် ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးဆောင်ရွက်ပေးရမည့် လုပ်ငန်းစာတွဲများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများ၊ အစိုးရက ခွင့်ပြုသော ဥပဒေနှင့်ညီညွတ်သည့်အခြားလုပ်ငန်းများအတွက်လုပ်ပိုင်ခွင့်နှင့်အသုံးပြုခွင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ (၅၃)အရ ကုန်လွန်သွားသည့် အချိန်အတွက် သတ်မှတ်ကာလတိုးမြှင့်ပေးရန် လျှောက်ထားလာသည့် အမှုတွဲများနှင့်အခြား ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များအား လုပ်ငန်းစာတွဲတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစာတွဲ တစ်ခုချင်းအလိုက် ပြည်နယ်ကော်မတီမှ ဆုံးဖြတ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်သွားရမည့် ကိစ္စရပ်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။