ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်နှင့် ဟိုပင်ဒေသအတွင်းရှိ ကျေးရွာအုပ်စုများအတွင်း မိုးစပါးစိုက်ကွင်းများအား ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စိုက်စွမ်း အား တိုးတက်မြင့်မားရေးအတွက် စက်မှုလယ်ယာစနစ်ကျလယ်မြေများ ဖော်ထုတ်ပေးနေမှုနှင့် တောင်သူများနှင့်တွေ့ဆုံ၍ သွင်းအားစုများ ဖြည့်ဆည်းဆောင်ရွက်ပေး

မိုးညှင်း ဧပြီ ၅

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စားဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား တိုးတက်မြှင့်မားလာစေရေး ခရိုင်အလိုက်သီးထပ်စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအား ဧပြီ ၄ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ မိုးညှင်းခရိုင်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ မိုးညှင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့မှ မိုးညှင်းမြို့သို့ မော်တော်ယာဉ်တန်းဖြင့် ထွက်ခွာခဲ့ကြပြီး ရှေးဦးစွာ မိုးကောင်းမြို့နယ်၊ တောင်နီကျေးရွာအုပ်စု၊ တောင်နီကျေးရွာ၊ ကွင်းအမှတ် (၁၃၈) ကျွန်းကုန်း အရှေ့ကွင်းရှိ တောင်သူ ဦးညွန့်ဖေ အပါအဝင် တောင်သူ (၁၀) ဦး၏ လယ်ဧက (၁၂၀)အား ၂၀၂၄ − ၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဖော်ထုတ်ပေးလျက်ရှိ သည့် စက်မှုလယ်ယာ စနစ်ကျလယ်မြေအတွင်း စက်မှု လယ်ယာဦးစီးဌာနက လယ်ထွန်စက်များ၊ မြေညှိစက်ကြီးများဖြင့် ရေသွင်းမြောင်း၊ ရေနှုတ်မြောင်းများနှင့် ကုန်ထုတ်လမ်းများအပါအဝင် ဖော်ထုတ်ဆောင်ရွက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တောင်သူများ မိုးစပါးအပြင် သီးထပ်အဖြစ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေ လိုအပ်ချက် နှင့် မျိုးကောင်းမျိုးသန့် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆိုပါကျေးရွာအတွင်း ကွင်းအမှတ် (၁၄၃) ၌ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း (၅၃၁ ဒဿမ ၂၅၀)ဖြင့် စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ ဖော်ထုတ်ပေးလျက်ရှိသည့် လုပ်ငန်းခွင်အတွင်း တောင်သူများနှင့်တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသဝမ်းစာဖူလုံရေးအတွက် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ရာတွင် တောင်သူများ၏ အခန်းကဏ္ဍသည်အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူများအား ဆန်စပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံသီးထပ်စိုက်ပျိုးရာတွင် ရိုးပြတ်ကျန်လယ်များအားလုံး စိုက်ပျိုးနိုင်ရေးလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် သွင်းအားစုများအပြင် ထွန်ယက်ရာတွင် စက်သုံးဆီလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ တောင်သူ အကျိုးစီးပွားဖြစ်ထွန်းစေရေး မိမိပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးစက်မှုလယ်ယာစနစ်ကျ လယ်ယာဖော်ထုတ်၍ စိုက်ပျိုးဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားစေသည့်အပြင် တောင်သူများ တိုက်ရိုက်အကျိုးဖြစ်ထွန်းစေသည့် အချက်အလက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံ လျှော်)မျိုးစေ့အိတ်များ ပေးအပ်ခဲ့ကြကာ တက်ရောက်လာကြသည့် ဒေသခံတောင်သူများ၏ သီးထပ်စိုက်ပျိုးရေးနှင့် မိုးစပါးအထွက်နှုန်း တိုးပွားရေးအတွက်လိုအပ်ချက်များကို တင်ပြမှုကို ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပင်းဘောကျေးရွာအုပ်စု၊ ပင်လုံကျေးရွာသို့ ရောက်ရှိပြီး အခြေခံ ပညာမူလတန်းကျောင်း အလင်းရောင်ခန်းမ၌ အဆိုပါ ကျေးရွာအတွင်းရှိ ကွင်းအမှတ် (၁၆၅)အတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး လာမည့်ဆောင်းရာသီတွင် သီးထပ်စိုက်ဧကတိုးချဲ့နိုင်ရန် ဝိုင်းဝန်းကြိုးစားကြရေး တိုက်တွန်းမှာကြားပြီး ဆောင်း ဆီထွက်သီးနှံစိုက်ဧက (၁၅၀) စိုက်ပျိုးသည့်နေရာများမှ တောင်သူများအား ခြံစည်းရိုးကာရံခြင်း အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကုန်ကျငွေအဖြစ် ငွေကျပ်သိန်း (၃၃၇)သိန်းကို တောင်သူများထံ ထောက်ပံ့ပေးအပ်ရာ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားကိုလည်းကောင်း၊ ရပ်မိရပ်ဖဦးကျော်မြင့်က သီးထပ်စိုက်ပျိုးရေးအတွက် တောင်သူလိုအပ်ချက်များကိုလည်းကောင်း တင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အဆိုပါ ကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့မှ ခြံစည်းရိုးကာရံပေးမှုဖြင့် ဆီထွက်သီးနှံ နေကြာစိုက်ခင်း စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ဟိုပင်မြို့သို့ ရောက်ရှိပြီး ရွာသစ်ကြီးကျေးရွာအတွင်းရှိ တောင်သူ ဦးကျော်မြင့်၏ ဆောင်းဆီထွက်သီးနှံစိုက်ပျိုးသည့် လယ်၌ ဒေသတွင်းရှိ တောင်သူများနှင့်တွေ့ဆုံကာ တောင်သူများ သီးထပ်စိုက်ပျိုးမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေလိုအပ်ချက်အပေါ် ချောင်းရေမှတစ်ဆင့် ဆောင်ရွက်နိုင်ရေး၊ ဆိုလာစက်ရေတွင်း တူးဖော်ပေးနိုင်ရေးနှင့် ကုန်ထုတ်လမ်းများဖောက်လုပ်ပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ တောင်သူများအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့အိတ်များ၊ ရွက်ဖျန်းဓာတ်မြေသြဇာအရည်များကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်း စိုက်ပျိုးဖြစ်ထွန်းသည့် သီးထပ်သီးနှံမျိုးစေ့များအား တောင်သူအသိပညာပေးပြသထားရှိမှုကို လည်းကောင်း၊ တောင်သူ၏ လယ်၌ ဆောင်းသီးထပ်ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား နွေရာသီသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေများနှင့် ကျောင်းဝင်းအတွင်းရှိ စာကြည့်တိုက်၊ လက်မှုပညာပြခန်းများနှင့် ဘင်ခရာအဖွဲ့တို့အား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး ကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများ၊ ဘင်ခရာအဖွဲ့များအတွက် ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဇောတိကုန်းကျေးရွာအုပ်စု၊ နုံးချိုကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအတွင်းရှိ ပိုင်ရှင်ဒေါ်တင်တင်မိုး၏ တန် ၆၀ ကျဆန်စက် ထည်ထောင်လည်ပတ်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဆန်စက်အဆင့်မြှင့်တင်နိုင်ရေးနှင့် ပုံမှန်လည်ပတ်ကြိတ်ခွဲ နိုင်ရေးအတွက် သမဝါယမဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ပြီး ထိုမှတစ်ဆင့် တကွင်းကျေးရွာအတွင်းရှိ ပိုင်ရှင် ဦးထွန်းမောင်၏ လပ်ကီးရှင်းဆီစက်သို့ ရောက်ရှိကာ ဒေသတွင်းထွက်ရှိသည့် မြေပဲများအား ကြိတ်ခွဲ၍ မြေပဲဆီသန့်ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆီစက်အဆင့်မြင့်တင်နိုင်ရေးနှင့် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ရေးတို့အတွက် သမဝါယမဦးစီးဌာနနှင့် ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တကွင်းကျေးရွာ၊ ကွင်းအမှတ် (၂၁၆/က)ကွင်းရှိ တောင်သူဦးကျော်စိုး၏ ဆောင်းသီးထပ်ဆီထွက်သီးနှံစိုက်ပျိုးသည့် လယ်၌ ဒေသတွင်း ကျေးရွာအုပ်စုများမှ တောင်သူများနှင့်တွေ့ဆုံပြီး စပါးအထွက်နှုန်းတိုးပွားရေးနှင့် သီးထပ်စိုက်ဧက တိုးချဲ့ စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြပြီး စိုက်ပျိုးရေအတွက် ဆည်ရေသွယ်မြောင်းအား Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်နိုင်ရေး ငွေကျပ်သိန်း ၁၅၀ နှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့အိတ်များ၊ ရွက်ဖျန်းအားတိုးဆေးများကို ထောက်ပံ့ပေး အပ်ခဲ့ကြကာ ကွင်းအတွင်း စိုက်ပျိုးထားသည့် ပဲပုတ်ပင်များနှင့် မြေပဲပင်များ ဖြစ်ထွန်းမှုအခြေအနေနှင့် သီးနှံများအထွက်နှုန်း တိုးပွားရေးအတွက် အောင်ရေလိုအပ်ချက်အတွက် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။