ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးချုပ်ဖလား အသက် (၁၅) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံး လိဂ်ပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်အားပေး

မြစ်ကြီးနား   အောက်တိုဘာ ၁၁

         ကချင်ပြည်နယ်အတွင်းမှ ဖူဆယ်ဘောလုံးမျိုးဆက်သစ်အားကစားများပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၅)နှစ်အောက် အမျိုးသားကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးလိဂ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးသည်။

          အဆိုပါ ဖူဆယ်လိဂ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလိုအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် လူငယ်များ၏ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှုများကို ပြုလုပ်ပေးနိုင်သကဲ့သို့ စိတ်ဓာတ်ရေးရာ ပျံ့လွင့်မှုမရှိစေဘဲ အတွေးအခေါ်ကောင်းများ၊ လူမှုဆက်ဆံရေးပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်စွမ်းရှိသည့်အတွက် ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး လိုအပ်သည်များကို ပံ့ပိုးပေးနေခြင်းပင်ဖြစ်ပါကြောင်း၊ ဒါအပြင်ကချင်ပြည်နယ်၏ ဖူဆယ်အားကစားနည်း အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး မျိုးဆက်သစ်များ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုပြိုင်ပွဲကြီးမှ တစ်ဆင့် အောင်မြင်သည့်အနာဂတ်ကို ပိုင်ဆိုင်ကြသည့် လူငယ်များဖြစ်ကြရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြိုင်ပွဲဝင်ဘောလုံးအသင်း (၁၅) သင်းတို့မှ နည်းပြနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြည်နယ်အေရိုးဗစ်အသင်း အပါအဝင် အကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးပြိုင်ပွဲအတွက် ချီးမြှင့်ငွေကျပ် (၂၅) သိန်းနှင့် ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေကျပ် (၁၅) သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ဆက်လက်၍ ဖူဆယ်လိဂ်ပြိုင်ပွဲအဖြစ် Lucky FC နှင့် Every One FC အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။