မြစ်ကြီးနား ဧပြီ ၁၉
ကချင်ပြည်နယ်အစိုးရအဖွဲ့ မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ကျောက်စီရေထိန်းနံရံများ၊ ရေထိန်းတံခါးများနှင့် ရေလျှံတားနံရံများကို မြစ်ကမ်းပါးတစ်လျှောက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နေပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၈ နာရီက တာဝန်ရှိသူများနှင့်အတူ ကမ်းနားလမ်းတစ်လျှောက် လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့နေပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် မတ် (၈) ရက်နေ့က ပန္နက်တင်၍ စတင်ဆောင်ရွက်လျက်ရှိသော မင်းရပ်ရပ်ကွက်၊ စည်ပင်သာယာဆိပ်ကမ်းမှ စီတာပူရပ်ကွက်၊ အင်ဂျန်းခချောင်းနေရာအထိ တည်ဆောက်ပြီး ကျောက်စီမြေထိန်းနံရံပေါ်တွင် အလျား (၅၉၀၀) ပေအား မြစ်ရေအမြင့်ဆုံးမြင့်တက်မှု ၁၄၅၀ စင်တီမီတာထိ ကာကွယ်နိုင်သော ရေလျှံတားအုတ်ရိုးစီကာရံခြင်းလုပ်ငန်းကို အပိုင်း (၃) ပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိရာ အပိုင်း (၂)နေရာဖြစ်သည့် ဧရာရပ်ကွက် We Love Myitkyina ဆိုင်းဘုတ်မှ နန်းသီတာဟိုတယ်ရှေ့ထိ အလျား ၂၁၅၅ ပေအား အုတ်ရိုးစီခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျန်ရှိသည့် နန်းသီတာဟိုတယ်ရှေ့မှ အင်ဂျန်းခချောင်းအထိ အလျား ၂၄၅၀ ပေအား အရှိန်အဟုန်ဖြင့် တစ်ဆက်တည်း ဆက်လက်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ကမ်းနားလမ်းတစ်လျှောက် အုတ်ရိုးစီခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး We Love Myitkyina မှ စည်ပင်သာယာဆိပ်အထိ အလျား (၁၂၉၅)ပေ အုတ်စီခြင်းလုပ်ငန်း အချောသတ်ခြင်းနှင့် ဆေးသုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကမ်းနားလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များဖြည့်စွက်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှမ်းစုတောင် (ကချင်စု) ရပ်ကွက်အတွင်း ကမ်းနားလမ်းအား လမ်းသားမြှင့်တင် ဆောင်ရွက်ထားရှိမှု၊ မြစ်ရေဝင်ရောက်ခဲ့မှုအပေါ် ရေကျော်မှုဖြစ်နိုင်ခြေဖြစ်ပေါ်ခဲ့သည့် အခြေအနေအားလည်းကောင်း၊ လဖစက်လှေဆိပ်၌ ကျောက်စီမြေထိန်းနံရံတည်ဆောက်ထားရှိမှုအပေါ် မြစ်ရေ ကျော်လွန်မှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် အဆိုပါ ကချင်စုမှ လယ်ကုန်းရပ်ကွက်အထိ တည်ဆောက်ပြီး ကျောက်စီမြေထိန်းနံရံပေါ်တွင် ရေလျှံတား ကျောက်စီကမ်းထိန်းနံရံ တည်ဆောက်သွားမည့်အခြေအနေနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို အပိုင်းအလိုက် အရှိန်အဟုန်ဖြင့် အမြန်ဆုံးစတင်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် မြစ်ကြီးနားကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတို့၌ ၂၄ နာရီ အရံလျှပ်စစ်ဓာတ်အားရရှိရေးအတွက် Hybrid Solar System တပ်ဆင်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်မှုပေးနေသည့် ပြည်သူ့ဆေးရုံကြီးအား ၂၄ နာရီလုံး လျှပ်စစ်မီးရရှိရေးသည် အရေးကြီးသည့် ကိစ္စတစ်ရပ်ပင်ဖြစ်ပါကြောင်း၊ ထို့အတူ ပြည်နယ်တစ်ခုလုံးနှင့်ဆက်သွယ်ပြီး ကိစ္စအရပ်ရပ်ကို စီမံခန့်ခွဲဆောင်ရွက်နေသည့် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင်လည်း ၂၄ နာရီလုံး လျှပ်စစ်မီးရရှိရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အရံလျှပ်စစ်ဓာတ်အားအတွက် Hybrid Solar System တပ်ဆင်နိုင်ရေး အရည်အသွေးပြည့်ဝပြီး ကာလတန်ဖိုးနှင့် ကိုက်ညီအောင် စိစစ်ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ အကောင်အထည်ဖော်ရာတွင်လည်း စနစ်တကျကြီးကြပ်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် အရံလျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းအတွက် စည်းမျဉ်းစည်း ကမ်းသတ်မှတ်ချက်နှင့်အညီ စိစစ်ကြီးကြပ်နိုင်ရေး ဆောင်ရွက်သွားရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးခန့်ထက်က Hybrid Solar System တပ်ဆင်နိုင်ရေးအတွက် ပြည်နယ်သို့ တင်ပြလာမှုများအပေါ် သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ စိစစ်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် Hybrid Solar System တပ်ဆင်ရန် လျှောက်ထားသည့် ကုမ္ပဏီများမှ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တပ်ဆင်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပြည်သူ့ဆေးရုံကြီးအတွင်း တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လုပ်ထုံး လုပ်နည်းနှင့်အညီ အမြန်ဆုံးစိစစ်ကြပ်မတ်ဆောင် ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



