ကချင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရေး ဆရာ/ဆရာမများအား Revision ပြန်လည်သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် နန်းကွေ့ ကျေးရွာအုပ်စုအတွင်း ပုဂ္ဂလိကပိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံလုပ်ငန်းဆောင်ရွက်သွားမည့် အခြေ အနေများအား ကြည့်ရှုအားပေး၊ စီတာပူရပ်ကွက်အတွင်းရှိ ပြည်သူများအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်စစ်ဆေးခြင်းလုပ်ငန်းအား လိုက်လံကြည့်ရှုအားပေး

မြစ်ကြီးနား   ဧပြီ ၂၈

         မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသဖြင့် ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္က သိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ပြန်လည်ကျင်းပပြုလုပ်စစ်ဆေးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် အခြေခံပညာဦးစီးဌာနမှ Grade-12 သင် ဆရာ/ ဆရာမများအား မြစ်ကြီးနားတက္ကသိုလ်မှ ပါမောက္ခဌာနမှူးများက ဘာသာရပ်အလိုက် Revision ပြန်လည်ဆွေးနွေးပို့ချခြင်းကို ဧပြီ ၂၈ ရက်နေ့က စတင်၍ သတ်မှတ်နေရာအသီးသီး၌ ဆွေးနွေး ပို့ချဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ Revision ပြန်လည်ဆွေးနွေးပို့ချခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ် ပင်မ ဆောင်၌ ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်း၊ ဒုတိ ယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများက Virtual Zoom Meeting ကို အသုံးပြု၍ Online Learning စနစ်ဖြင့် ပြန်လည်ဆွေးနွေးပို့ချခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း အေးမြသီတာခန်းမ၌ မြစ်ကြီးနားမြို့နယ်အတွင်းရှိ Grade-12 သင် ဆရာ/ဆရာမများက တက္ကသိုလ်ပါမောက္ခဌာနမှူးများ၏ Virtual Zoom Meeting ဖြင့် Grade-12 စာမေးပွဲအတွက် Revision ပြန်လည်ဆွေးနွေးပို့ချပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေမှုကို လှည့် လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကြီးကြပ်ရေးမှူးရုံးခန်း၌ Grade-12 စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုရမည်ဖြစ်သော်လည်း မိမိတို့ ပြည်နယ်၏ ဘာသာရပ်အလိုက် ဂုဏ်ထူးများအောင်မြင်နိုင်ရေး ဒုတိယအကြိမ် အခွင့်အရေးအဖြစ်မှတ်ယူ၍ ကြိုးစားဖြေဆိုကြရမည်ဖြစ်ပါကြောင်း အားပေးပြောကြားခဲ့သည်။

          ကချင်ပြည်နယ်အနေဖြင့် အဆိုပါ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို မြို့နယ် (၁၂) မြို့နယ်တွင် စာစစ်ဌာန (၂၂)ခု ဖွင့်လှစ်၍ ကျောင်းသား/ ကျောင်းသူ (၈၆၉၈)ဦးဖြင့် အေးချမ်းစွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်သော်လည်း မတ်လ ၂၈ ရက်နေ့က မန္တလေးမြေငလျင်လှုပ်ခဲ့မှုကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးခဲ့သဖြင့် ကချင်ပြည်နယ်အပါအဝင် စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေများတွင် (၁၆-၆-၂၀၂၅)ရက်နေ့မှ (၂၁-၆-၂၀၂၅) ရက်နေ့အထိ ပြန်လည်ကျင်းပ စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာချက်အရ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ပူတာအို၊ ဖားကန့်၊ တနိုင်း၊ ရွှေကူမြို့နယ်များတွင် Grade-12 သင် ဆရာ/ ဆရာမများအားစုဖွဲ့၍ ပြန်လည်ဆွေးနွေးပို့ချပေးခြင်းဖြစ်ပြီး ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအား အဆိုပါ ဆရာ/ ဆရာမများက Face to Face သင်ကြားခြင်းကို မေလ ၂ ရက်နေ့မှ စတင်၍ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအုပ်စု၊ နောင်ပုံ (နယ်မြေ-၇)အတွင်းရှိ ပိုင်ရှင်ဦးဇော်ဆိုင်း၏ ခြံဧက ၂၀ အတွင်း ဟင်းသီးဟင်းရွက်၊ ဖူးစားပြောင်းများနှင့် နွားကောင်ရေ (၁၀၀)ကျော် မွေးမြူ နိုင်ရေးအတွက် နွားခြံသစ်တည်ဆောက်ထားရှိမှု အခြေအနေများ၊ အသားစားကြက်များ မွေးမြူနိုင်ရေးအတွက် မြေယာပြုပြင်၍ ကြက်ခြံများ တည်ဆောက်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခြံဝင်းအတွင်း တိရစ္ဆာန်အစာအတွက် ပြောင်းနှင့်အခြားအပင်များ စိုက်ပျိုး နိုင်ရေး လယ်မြေစနစ်တကျ ဖော်ထုတ်ပေးနိုင်ရေးနှင့် စိုက်ပျိုးရေလိုအပ်ချက်အတွက် ဆိုလာစက်ရေတွင်း တူးဖော်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ တပ်ကုန်းရပ်ကွက် (ကြာရာပတ္တီးနယ်မြေ) အတွင်း အဆိုပါပိုင်ရှင် ဦးဇော်ဆိုင်း ပိုင် မြေဧရိယာ (၅)ဧကပေါ်တွင် တိရစ္ဆာန်အစာစပ် စက်ရုံတည်ဆောက်နိုင်ရေး လျာထားမှုအခြေအနေများကိုလည်းကောင်း၊ မွေးမြူရေးတိရစ္ဆာန်အညစ်အကြေးများဖြင့် ဘိုကာရှီမြေဆွေးပြုလုပ်၍ သဘာဝမြေသြဇာ ထုတ်လုပ်နေမှုအခြေအနေများကိုလည်းကောင်း၊ ဒေသကြက်မွေးမြူရေးခြံအခြေအနေအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ယမန်နေ့  မွန်းလွဲပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းက ဦးဆောင်၍ ပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်ဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် စီတာပူနှစ်ခြင်းခရစ်ယာန်အသင်းတော် နွေရာသီသင်တန်းမှ လူငယ်များပူးပေါင်း၍ အဆိုပါ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေး အတွက် ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ ဆေးဝါးများအခမဲ့ဖြန့်ဖြူးပေးခြင်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအတွက် ငွေကျပ်သိန်း (၂၀)၊ ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ် (၅)သိန်းနှင့် နွေသင်တန်းမှ လူငယ်များအတွက် ငွေကျပ် (၁၀)သိန်းကို ချီးမြှင့်ပေးအပ်ခဲ့သည်။