မြစ်ကြီးနားမြို့၌ နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ (International White Cane Day) အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

မြစ်ကြီးနား   အောက်တိုဘာ ၁၀

         ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့ကျရောက်မည့် နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့(International White Cane Day) အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ရှိ မျက်မမြင်ကျောင်း၊ မသန်စွမ်းအဖွဲ့အစည်းများပါဝင်စေပြီး ၂၀၀၂ ခုနှစ်က စတင်၍ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ (၁၈)ကြိမ်မြောက်ထိ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုနှစ် အတွက် (၁၉)ကြိမ်မြောက်အဖြစ် အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်နိုင်သည်ကို ညှိနှိုင်းဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်က နိုင်ငံ တကာမျက်မမြင်လမ်းလျှောက်တုတ်နေ့အခမ်းအနားကျင်းပနိုင်ရေး ဆပ်ကော်မတီအသီးသီး ဖွဲ့စည်းပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက နှစ်စဉ်ကျင်းပပြုလုပ်ခဲ့မှု အခြေအနေများ အပေါ် အတွေ့အကြုံများနှင့် စပ်လျဉ်း၍ ရှင်းလင်းသုံးသပ်တင်ပြရာ ပြည်နယ်ဝန်ကြီးများက ဖြည့် စွက်သုံးသပ်၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

          အဆိုပါ အစည်းအဝေးသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက်လူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြစ်ကြီးနားမျက်မမြင်ကျောင်းအုပ်နှင့် တာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြကြောင်းသိရသည်။