မြစ်ကြီးနား မေ ၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူသကျမာရဇိန်အံတော် ရှင်စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် (၃၀) ကြိမ်မြောက် အသံမစဲကျမ်းမြတ်မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှ စတင်၍ (၉) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် နန်းကွေ့ကျေးရွာ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဒ္ဒန္တဟိတေသိတအမှူးပြုသော ဆရာတော်မထေရ်မြတ်များထံမှ အလှူရှင်များနှင့်ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို အောင်တော်မူသကျမာရဇိန်အံတော်ရှင်စေတီတော်ကြီးရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ ဒေသခံအလှူရှင်များက ဘုရားအမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများအား ဆွမ်းဆန်တော်၊ ပစ္စည်း (၉) ပါး အလှူတို့ကို လောင်းလှူပူဇော်ခဲ့ကြသည်။
ယင်းနောက် အံတော်ရှင်တောင်တန်းသာသနာပြုဗဟိုဓမ္မ ဗိမ္မာန်တော်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။


