ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား ဖွင့်လှစ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဏ္ဍပ်အပါအဝင် တပ်နယ်ရေကစားမဏ္ဍပ်များအား ကြည့်ရှုအားပေး၊ မဟာသင်္ကြန်အကျနေ့တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်များတွင် ဒေသခံပြည်သူများနှင့်အတူ အတာရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိ

မြစ်ကြီးနား ဧပြီ ၁၄

          ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို (သင်္ကြန်အကျနေ့) ယနေ့ နံနက် ၉ နာရီက လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်သည့် ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူအများအပြား ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

          အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့မှ ဆမားလမ်းဆုံ(ကျောက်စိမ်းတုံးမီးပွိုင့်) အထိ အရှည်ပေ ၉၀၀ ကျော်အတွင်း ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ယိမ်းအကအဖွဲ့ များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

          ဆက်လက်၍ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံ‌ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

          ထို့နောက် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ တက်ရောက်လာကြသော ယိမ်းအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒေသခံပြည်သူများအားအတာရေအေးဖြင့် လိုက်လံပက်ဖျန်းပေးကြပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း ဗဟိုမဏ္ဍပ်မှ ယိမ်းအကဖြင့် ကပြဖျော်ဖြေမှုများ၊ မြန်မာ့သနပ်ခါးမဏ္ဍပ်၌ နံ့သာလိမ်းခြယ်ပေးခြင်း၊ စတုဒိသာမဏ္ဍပ်များ၌ မြန်မာ့ရိုးရာလက်ဖက်၊ ထမင်းနဲ၊ မုန့်လုံးရေပေါ် စသည့် သင်္ကြန်နှင့် လိုက်ဖက်သည့် အစားအစာများကို သင်္ကြန်လာရောက်လည်ပတ်သူများအား ဧည့်ခံကျွေးမွေးနေမှုကိုလည်းကောင်း၊ လောင်းလှေကြီးများတွင် ရေပက်ကစားသူဖြင့် စည်ကားသိုက်မြိုက်နေမှုကိုလည်းကောင်း သင်္ကြန်ချစ်သူများနှင့်အတူ တစ်ပျော်တစ်ပါးဆင်နွှဲခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရေကစားမဏ္ဍပ်သို့ သွားရောက်ပြီး တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ တပ်နယ်မိသားစုဝင်များနှင့်အတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဏ္ဍပ်၌ ယိမ်းအကအလှများဖြင့် သီဆိုဖျော်ဖြေမှု၊ တေးသံရှင်များ၏ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ယိမ်းအကအဖွဲ့များအတွက် ချီးမြှင့်ငွေများချီးမြှင့်ပေးအပ်ခဲ့ကြကာ တပ်နယ်မိသားစုများနှင့်အတူ အတာရေသဘင်ပွဲတော်ကို အတူတကွပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။

ထို့နောက် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)၏ ရေသဘင်မဏ္ဍပ်သို့ သွားရောက်ပြီး တပ်နယ်မိသားစုများ၏ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ သင်္ကြန်အစားအစာများဖြင့် ဧည့်ခံကျွေးမွေးမှုတို့အား အားပေးခဲ့ကြပြီး ယိမ်းအကအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်သို့တက်ရောက်ပြီး လေတပ်စခန်းဌာနချုပ် မိသားစုများနှင့်အတူ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှု၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကာ တပ်နယ်မိသားစုများနှင့်အတူ အတာရေသဘင်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်အတွင်းရှိ ပြည်သူ့အားကစားကွင်း၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့် မဟာသင်္ကြန် ပွဲတော်ကာလအတွင်း လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် ပြုလုပ်ကျင်းပလျက်ရှိရာ အဆိုပါလမ်းလျှောက်သင်္ကြန်အတွင်း စင်တင်တေးဂီတာအစီအစဉ်နှင့်အတူ ဒေသခံပြည်သူအများအပြားက ပျော်ရွှင်စွာဆင်နွှဲလျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်သူများနှင့်အတူ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့အတူ မြစ်ကြီးနားမြို့ ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းအတွင်း လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် ပြည်သူများ တစ်ပျော်တစ်ပါးလာရောက်၍ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားခြင်းများကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ လမ်းလျှောက်သင်္ကြန်အတွင်း ဧရာဝတီမြစ်အတွင်းသို့ ပြည်သူများရေကစားရာတွင် အန္တရာယ်မရှိစေရေး လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။  

ထို့နောက် နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင်လည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ သင်္ကြန်ချစ်သူများ၏အားပေးမှုဖြင့် ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ ခေတ်ပေါ်တေးသီချင်းအကအလှများဖြင့် ကပြသီဆိုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့အတူ ဗဟိုမဏ္ဍပ်ရှေ့ စတုဒီသာမဏ္ဍပ်များတွင်လည်း သင်္ကြန်လည်ပတ်သူများအား ဧည့်ခံကျွေးမွေးလျက်ရှိသည့်အပြင် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင်လည်း အုန်းလက်မဏ္ဍပ်များဖြင့် ရေပက်ကစားသူများ၊ စတုဒီသာကျွေးမွေးသူများဖြင့် ယခင်နှစ်များနှင့်မတူ အထူးစည်ကားလျက်ရှိပြီး ညပိုင်းတွင်လည်း မဟာင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိသဖြင့် သင်္ကြန်ချစ်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်းသိရှိရသည်။