မြစ်ကြီးနား ဧပြီ ၁၂
၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၁၈)နှစ်အောက် ကလပ်အသင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ မတ်လ ၂၅ ရက်က စတင်ကျင်းပပြုလုပ်ရာ ယနေ့ ညနေ ၃ နာရီ တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် နောင်နန်းအသင်းနှင့် လဝမ် FC အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာများမှ ဘောလုံးအားကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ နောင်နန်းအသင်းက ပယ်နယ်သီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုဆက်လက်ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများက ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော ဒိုင်အဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဘောလုံးဆပ် ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးက နေရာအလိုက်အကောင်းဆုံးကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုများကို လည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်တို့က ပူးတွဲတတိယဆုရအသင်း (၂)သင်းများအားလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဒုတိယဆုရအသင်းအားလည်းကောင်း၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က ပထမဆုရအသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပထမတံခွန်စိုက်ဆုဖလားနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

