မြစ်ကြီးနား မေ ၄
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးနှင့် ပြန်လည်ထူ ထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မေ ၃ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ပမ္မတီး ရပ်ကွက် နယ်မြေ-၅ အတွင်းရှိ ဝါးဆားဒီကျေးရွာမှ ကိုယ်ပိုင်မြေကွက်များ ဝယ်ယူ၍ ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား ခရစ်တော်၏အသင်းတော်ဘုရားကျောင်း၌ သွားရောက် တွေ့ဆုံအားပေးသည်။
ထိုသို့ တွေ့ဆုံစဉ် ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ ကိုယ်စားပြည်သူတစ်ဦးက ယာယီခိုလှုံရာစခန်းမှ တစ်ဆင့် ပမ္မတီး နယ်မြေ (၇)အတွင်း ရွှေ့ပြောင်းနေထိုင်ရေး မြေကွက်များဝယ်ယူ၍ နေအိမ်ဆောက်လုပ်ခဲ့သည့် အခြေ အနေများနှင့် နေအိမ်များအတွင်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ရွှေ့ပြောင်းနေထိုင်မည့်နေရာ၌လျှပ်စစ် မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က အိမ်ထောင်စု (၂၃)စု တို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ဆန် (၂၄) ပြည်ပါအိတ် (၂၃)အိတ်၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့က ဆီ (၂၁)ပိဿာနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက အိမ်ထောင်စု (၂၃)စု၊ လူဦးရေ (၁၂၂) ဦးတို့အတွက် ဆန်ရိက္ခာ (၁)လစာအဖြစ် ငွေကျပ် (၂၄၄၀၀၀၀)၊ ပြောင်းရွေ့စရိတ်အဖြစ် ငွေကျပ် ၂၃၀၀၀၀၀နှင့် ကယ်ဆယ်ရေးပစ္စည်းများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား အားပေးအမှာစကားပြော ကြားခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်နယ်အတွင်း အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေရပ်မြို့/ရွာများကို စွန့်ခွာတိမ်းရှောင်လာခဲ့ကြသော ရမ်ပူရပ်ကွက်အတွင်းရှိ ယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ခဲ့ပြီး အိမ်ထောင်စုများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် စခန်းတာဝန်ခံများနှင့် စခန်းနေမိသားစုများက စခန်းအတွင်း သုံးရေ၊ ချိုးရေ လုံလောက်စွာရရှိရေးနှင့် လိုအပ်ချက်များတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စု (၄၄) စုတို့အတွက် ဆန် (၂၄)ပြည်ပါအိတ် (၄၄)အိတ်နှင့် ဆီ (၄၄)ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအနေဖြင့် ယခုလိုနေထိုင်မှုအပေါ် စိတ်ဓာတ်ခိုင်မာစွာဖြင့် ကျန်းကျန်းမာ နေထိုင်၍ မိမိတို့ နေရပ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ခွင့်ရပါက မိမိတို့ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် အစွမ်းကုန်ကြိုးစားဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားခဲ့ကြောင်း သိရသည်။


