ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက် မြိုက်စွာကျင်းပနိုင်ရေး ပြင်ဆင်တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ ချီဖွေနှင့်ဆော့လော်မြို့နယ်များမှ ယာယီတိမ်းရှောင်ပြည်သူများအတွက် ယာယီနေအိမ်များ မိုးမကျမီ အပြီးတည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဧပြီ ၂

          ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ (၂၀၂၆ ခုနှစ်) မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ လမ်းလျှောက်သင်္ကြန်ပွဲတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်တွင် ပြုလုပ်ကျင်းပသွားမည့် လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း ဗဟိုမဏ္ဍပ် ၁၂၂ ပေ × ၃၆ ပေ × ၄ ပေ အတိုင်းအတာဖြင့် တည်ဆောက်လျက်ရှိသည့် အခြေအနေများနှင့် လမ်းလျှောက်သင်္ကြန်အတွက် လမ်းအရှည်ပေ ၉၀၀ ဧရိယာအတွင်း ရေပိုက်များ တပ်ဆင်သွယ်တန်း နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စတုဒိသာမဏ္ဍပ်များ၊ မြန်မာ့သနပ်ခါး(နံ့သာ) မဏ္ဍပ်များနှင့် လောင်းလှေများ စနစ်တကျနေရာချထားနိုင်ရေး စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကာလအတွင်း လမ်းလျှောက်သင်္ကြန်အဖြစ် အများပြည်သူ လွတ်လပ်စွာပျော်ရွှင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည့် မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်အတွင်းရှိ မင်းရပ်ပြည်သူ့ရင်ပြင်နှင့် ဧရာဦးပန်းခြံဧရိယာ အရှည်ပေ ၆၀၀ ပေအတွင်း ဆောင်ရွက်သွားမည့် အစီ အစဉ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်သူ့ရင်ပြင်အတွင်း လမ်းလျှောက်သင်္ကြန်၌ ဖျော်ဖြေရေးအစီအစဉ် ထည့်သွင်းဆောင်ရွက်သွားရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း ပြည်နယ်လွှတ်တော်ရုံးအနီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေနေရာ၌ ပြည်နယ်အတွင်း နယ်မြေအခြေအနေအရ မြို့နယ်အသီးသီးမှ ထွက်ပြေးတိမ်းရှောင်၍ မြစ်ကြီးနားမြို့ရှိ ဘာသာရေးအဖွဲ့အစည်းများနှင့် ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် ဝန်ထမ်းများအား နေရာချထားပေးပြီး ယာယီနေအိမ်များဆောက်လုပ်နေထိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့် ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်အတွင်းမှ အိမ်ထောင်စု(၈၀)ကျော်တို့အား နေရာချထားပေးမည့် မြေနေရာ၌ ယာယီနေအိမ်အဆောက်အဦများ တည်ဆောက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေအိမ်တန်း လျားများ မိုးမကျမီ အမြန်ဆုံးဆောက်လုပ်ပြီးစီးရေး လိုအပ်သည့်မိုးကာလိပ်များနှင့် ဝါးများ ဝယ်ယူကာရံတည်‌ဆောက်နိုင်ရေး ထောက်ပံ့ငွေကျပ်သိန်း (၉၀)ကို စခန်းတာဝန်ခံများထံ ‌ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။